Friday, November 14, 2014
အသုဘ၁၀ပါးနှင့်ကမ္မဋ္ဌန်း၄၀
unday, April 3, 2011
အသုဘ(၁၀)ပါးနှင့် သမထကမ္မဋ္ဌာန်း ( ၄၀ )
ကသိုဏ်းတစ်ဆယ်၊ အသု ဆယ်နှင့်၊
တစ်ဆယ် နုဿတိ၊ လေးရှိ ပမညာ၊ ဧ သညာတည့်၊
တစ်ဖြာ ဓာတု၊ လေးခု အရူ၊ ပေါင်းရုံးယူ၊
ရေမူ ကမ္မဋ္ဌာန်းလေးဆယ်တည်း ။
ကသိုဏ်း ၁၀ ပါး
အသုဘ ၁၀ ပါး
အနုဿတိ ၁၀ ပါး
အပ္ပမညာ ၄ ပါး
အာဟာရေ ပဋိကူလသညာ ၁ ပါး
စတုဓာတု ၀၀တ္ထာန် ၁ ပါး
အာရုပ္ပ ကမ္မဋ္ဌာန်း ၄ ပါး အားဖြင့် ပေါင်း သမထကမ္မဋ္ဌာန်း လေးဆယ် ဖြစ်၏။
ကသိုဏ်း ( ၁၀ ) ပါး
ဤနေရာ၌ ကသိုဏ်းဆိုသည်မှာ အလုံးစုံကို ခြုံမိအောင် ရှုရသော ကသိုဏ်းဝန်း ကမ္မဋ္ဌာန်းအာရုံ ဟု ဆိုလို သည်။
၁။ ပထ၀ီကသိုဏ်း မြေကသိုဏ်း
၂။ အာပေါကသိုဏ်း ရေကသိုဏ်း
၃။ တေဇောကသိုဏ်း မီးကသိုဏ်း
၎။ ၀ါယောကသိုဏ်း လေကသိုဏ်း
၅။ နီလကသိုဏ်း အညိုရောင်ကသိုဏ်း
၆။ ပီတကသိုဏ်း အ၀ါရောင်ကသိုဏ်း
၇။ လောဟိတကသိုဏ်း အနီရောင်ကသိုဏ်း
၈။ သြဒါတကသိုဏ်း အဖြူရောင်ကသိုဏ်း
၉။ အာလောကကသိုဏ်း အလင်းရောင်ကသိုဏ်း
၁၀။ အာကာသကသိုဏ်း အာကာသဟင်းလင်းပြင်ကသိုဏ်း အားဖြင့် ဆယ်မျိုးရှိလေသည်။
အသုဘ ကမ္မဋ္ဌာန်း ( ၁၀ )ပါး
အသုဘ ဆိုသည်မှာ " မတင့်မတယ် စက်ဆုပ်ဖွယ် လူသေကောင် " ဟု ဆိုလို၏။
၁။ ဥဒ္ဓုမာတက အသုဘ = သေပြီး ၂ရက် ၃ ရက်ကြာသဖြင့် ဖူးဖူးရောင်နေသော စက်ဆုပ်ဖွယ် လူသေ ကောင်၊
၂။ ၀ိနီလက အသုဘ = အဖြူရောင် အနီရောင်ရောလျက် ညိုမဲဟောင်ပုပ်နေသော စက်ဆုပ်ဖွယ် လူသေ ကောင်၊
၃။ ၀ိပုဗ္ဗက အသုဘ = ပေါက်ပြဲ ကွဲအက်နေ၍ ပြည်ပုပ်တို့ ယိုထွက်နေသော စက်ဆုပ်ဖွယ် လူသေကောင်၊
၎။ ၀ိစ္ဆိဒ္ဒက အသုဘ = ခန္ဓာကိုယ် နှစ်ပိုင်း ပြတ်နေသော စက်ဆုပ်ဖွယ် လူသေကောင်၊
၅။ ၀ိက္ခာယိတက အသုဘ = ခွေး ကျီး လင်းတ တို့ ထိုးဆွ ကိုက်ဆွဲနေသော စက်ဆုပ်ဖွယ် လူသေကောင်၊
၆။ ၀ိက္ခိတ္တက အသုဘ = ခြေ လက်၊ ခေါင်း ခန္ဓာကိုယ် ဖရိုဖရဲ ပြန့်ကျဲ ဟောင်ပုတ်နေသော လူသေကောင်၊
၇။ ဟတ ၀ိက္ခိတ္တက အသုဘ = ဓားဖြင့် မွှန်းထားသဖြင့် ခြေ လက် ခေါင်း ကိုယ် ဖရိုဖရဲပြန့်ကျဲ ဟောင်ပုပ်နေသော စက်ဆုပ်ဖွယ် လူသေကောင်၊
၈။ လောဟိတက အသုဘ = ခန္ဓာကိုယ်အနှံ့အပြား ထိုထိုအရပ်မှ သွေးချင်းချင်းနီ ယိုစီးနေသော စက်ဆုပ်ဖွယ် လူသေကောင်၊
၉။ ပုဠ၀က အသုဘ = ပိုးလောက် တဖွားဖွား သွားလာ ၀င်ထွက် စက်ဆုပ်ဖွယ်သော လူသေကောင်၊
၁၀ ။အဋ္ဌိက အသုဘ = တစ်ချောင်းစီကွဲထွက် တွဲစပ်ရန် ခက်ခဲသော ပုပ်ညှီနံ့ထွက်နေသော စက်ဆုပ်ဖွယ် အရိုးကောင်၊ အားဖြင့် ဆယ်မျိုး အပြားရှိလေ၏။
အနုဿတိ ကမ္မဋ္ဌာန်း ( ၁၀ ) ပါး
အနုဿတိ ဆိုသည်မှာ " အကြိမ်ကြိမ် အဖန်ဖန် ဆင်ခြင် အောင့်မေ့ခြင်း " ကို ဆိုလိုပေသည်။
၁။ ဗုဒ္ဓါနုဿတိ = ဘုရားရှင်၏ ဂုဏ်တော်များနှင့် ရုပ်သဏ္ဍာန် ပုံတော်ကို အာရုံပြုကာ အဖန်ဖန် ဆင်ခြင်အောင့်မေ့ခြင်း၊
၂။ ဓမ္မာနုဿတိ = တရားတော်တို့၏ ဂုဏ်တော်တို့ကို အာရုံပြုကာ အဖန်ဖန် ဆင်ခြင်အောင့်မေ့ခြင်း၊
၃။ သံဃာ နုဿတိ = သံဃာတော်တို့၏ ဂုဏ်တော်တို့ကို အာရုံပြုကာ အဖန်ဖန် ဆင်ခြင်အောင့်မေ့ခြင်း၊
၎။ သီလာနုဿတိ = မိမိ စောင့်ထိန်းထားသော သီလတို့ကို အာရုံပြုကာ အဖန်ဖန် ဆင်ခြင်အောင့်မေ့ခြင်း၊
၅။ စာဂါ နုဿတိ = မိမိ ပြုခဲ့ဖူးသော ဒါနကုသိုလ်တို့ကို အာရုံပြုကာ အဖန်ဖန် ဆင်ခြင်အောင့်မေ့ခြင်း၊
၆။ ဒေ၀တာ နုဿတိ = နတ် ဗြဟ္မာတို့ ကဲ့သို့ပင် မိမိမှာလဲ နတ်ပြည် ဗြဟ္မာ့ပြည်ရောက်ကြောင်း ကောင်းမှုကုသိုလ်တွေ များစွာ ရှိပေ၏ ဟု အာရုံပြုကာ အဖန်ဖန် ဆင်ခြင်အောင့်မေ့ခြင်း၊
၇။ ဥပသမာ နုဿတိ = နိဗ္ဗာန်၏ အေးငြိမ်းသော သဘောကို အာရုံပြုကာ အဖန်ဖန် ဆင်ခြင်အောင့်မေ့ခြင်း၊
၈။ မရဏာ နုဿတိ = သေခြင်းသဘောကို သတိ သံဝေဂဥာဏ် အဆင့်သို့ ရသည့်တိုင်အောင် အာရုံပြုကာ အဖန်ဖန် ဆင်ခြင်အောင့်မေ့ခြင်း၊
၉။ ကာယဂတာသတိ = ဆံပင် မွေးညှင်း စသော ၃၂ ကောဋ္ဌာသ အစု ခန္ဓာကိုယ်အစိတ်အပိုင်းတို့ကို ဇီဝ အတ္တ သတ္တ၀ါ မဟုတ်ကြ၊ ပထ၀ီစသော ဓာတ်သဘောမျှသာ ဟု အာရုံပြုကာ အဖန်ဖန် ဆင်ခြင်အောင့် မေ့ခြင်း၊
၁၀။ အာနာပါနဿတိ = ထွက်လေ ၀င်လေကို သတိကပ်ကာ ရှုမှတ်နေခြင်း။
အပ္ပမညာ ကမ္မဋ္ဌာန်း ( ၄ ) ပါး
အပ္ပမညာ အဓိပ္ပါယ်
အပ္ပမညာ ဆိုသည်မှာ " အတိုင်းအရှည် မရှိသော သတ္တ၀ါ ပညတ်ကို အာရုံပြုနေသော တရား " ဟု ဆိုလိုပေသည်။
ဗြဟ္မ၀ိဟာရတရား ဆိုသည်မှာ မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာ တို့ဖြင့် နေခြင်းသည် ဗြဟ္မာတို့နေခြင်းနှင့် တူသောကြောင့် အထက်ပါ အပ္ပမညာ လေးပါးကိုပင် ဗြဟ္မ၀ိဟာရတရား လေးပါး ဟုလည်း ခေါ်တွင်သည်။
ဗြဟ္မစိုရ် တရား ဟူသည်မှာ မေတ္တာစသော ဗြဟ္မစိုရ်တရားလေးပါးကို ပွားများနေလျင် စိတ်ဓာတ်များ စိုပြေ လန်းဆန်းကာ အအေးဓာတ်ဖြင့် ငြိမ်းအေးနေသောကြောင့် ဗြဟ္မစိုရ်တရား ဟု ခေါ်တွင်သည်။
၁။ မေတ္တာ = သတ္တ၀ါတို့၏ အကျိုးစီးပွားကို လိုလားသောစိတ်၊ သတ္တ၀ါတို့ကို ချမ်းသာစေလိုသော စိတ်၊ တွယ်တာခြင်းကင်းကာ ချစ်ခင်တတ်သော စိတ်ကို မေတ္တာ ဟု ခေါ်၏။
၂။ ကရုဏာ = ကိုယ်စိတ်ဆင်းရဲကာ ဒုက္ခရောက်နေသော ဒုက္ခိတ သတ္တ၀ါမှန်သမျှကို အာရုံပြု၍ သနား ကြင်နာသော အဂတိမလိုက်တတ်သော စိတ်ကို ကရုဏာ ဟု ခေါ်၏။
၃။ မုဒိတာ = သူတပါးတို့ ချမ်းသာကြီးပွား ကောင်းစားနေသည်ကို အာရုံပြုမိသဖြင့် ၀မ်းမြောက်သောသဘော ကို မုဒိတာ ဟု ခေါ်တွင်၏။
၎။ ဒုက္ခိတကို မြင်၍လည်း သနားကြင်နာစိတ် မဖြစ်ပေါ်၊ သုခိတသတ္တ၀ါကို မြင်၍လည်း မုဒိတာ မဖြစ်ပဲ သတ္တ၀ါတိုင်း မိမိတို့ ပြုလုပ်ထားသည့် ကုသိုလ် အကုသိုလ် ကံတရားများအတိုင်းသာ ဖြစ်ကြရတာ ချည်းပဲ ဟု လျစ်လျူရှုသည့် အလယ်အလတ် စိတ်သဘောကို ဥပေက္ခာ ဟု ခေါ်အပ်၏။
အာရုပ္ပ ကမ္မဋ္ဌာန်း ( ၄ )ပါး
၁။ အာကာသာနဉ္စာယတနဈာန် = အဆုံးအပိုင်းခြား မရှိသော ကောင်းကင်ပညတ်ကို အာရုံပြု၍ ဖြစ် သောဈာန်။
၂။ ၀ိညာနဉ္စာယတနဈာန် = ပထမ အရူပဈာန်စိတ်၏ အဆုံးအပိုင်းခြား မရှိခြင်းကို အာရုံပြု၍ဖြစ်သောဈာန်။
၃။ အာကိဉ္စညာ ယတနဈာန် = ပထမအရူပဈာန်စိတ်၏ မရှိခြင်း ( နတ္ထိဘောပညတ် ) ကို အာရုံပြု၍ဖြစ်သော ဈာန်။
၎။ နေ၀သညာ နာသညာယတနဈာန် = သညာ၌ အပြစ်မြင်၍ တတိယအရူပဈာန်၏ ငြိမ်သက်ခြင်းသဘော ကို ရှုဆင်ခြင်လျက် ဖြစ်ပေါ်လာသောဈာန်။
စတုဓာတု ၀၀တ္ထာန် ကမ္မဋ္ဌာန်း ( ၁ )ပါး
ပထ၀ီ အာပေါ တေဇော ၀ါယော ဟူသော ဓာတ်ကြီးလေးပါးတို့၏ သဘောကို ပိုင်းခြားထင်ထင်သိမြင်အောင် ပွားများသော ကမ္မဋ္ဌာန်းကို စတုဓာတု ၀၀တ္ထာနကမ္မဋ္ဌာန်း ( ဓာတ်ကမ္မဋ္ဌာန်း ) ဟု ခေါ်တွင်လေသည်။
ပထ၀ီဓာတ် ၏သဘောသည် ခက်မာခြင်း၊ ကြမ်းတမ်းခြင်း၊ နုညံ့ခြင်းသဘော ရှိ၏။
အာပေါဓာတ် ၏သဘောသည် ယိုစီးခြင်း၊ ဖွဲ့စီးခြင်း၊ သိပ်သည်းခြင်း၊ ပူးတွဲခြင်း၊ လုံးခဲခြင်း သဘောတရားများ ရှိ၏။
တေဇောဓာတ် ၏သဘောသည် ပူခြင်း၊ နွေးခြင်း အေးခြင်းသဘောတရားများ ရှိ၏။
ဝါယောဓာတ် ၏သဘောသည် ထောက် ၊ ကန် ၊ တောင့် ၊ တင်း ၊ လှုပ်ရှားခြင်း၊ ရွေ့လျားခြင်း သဘောတရားများရှိ၏။
အာဟာရေ ပဋိကူလ သညာ ကမ္မဋ္ဌာန်း( ၁ )ပါး
စားမျိုအပ်သော အစာ အာဟာရတို့၌ စက်ဆုပ်ဖွယ် အမှတ်သညာဖြစ်အောင် ဆင်ခြင်ပွားများသော ကမ္မဋ္ဌာန်း ကို အာဟာရေ ပဋိကူလသညာကမ္မဋ္ဌာန်း ဟု ခေါ်တွင်၏။
ဤကမ္မဋ္ဌာန်းကို အားထုတ်လေ့ရှိသော ယောဂီသည် စားဖွယ် သောက်ဖွယ် ခဲဖွယ် လျက်ဖွယ် ဟူသော ကဗဠီကာရာဟာရ ဟုဆိုအပ်သော အစားအသောက် မှန်သမျှကို ဆင်ခြင်ပုံ ( ၁၀ ) မျိုးဖြင့် စက်ဆုပ်ဖွယ်ဟု ထင်မြင်လာအောင် နှလုံးသွင်းရ၏။ ယင်းဆယ်ပါးတို့မှာ --
၁။ သွားခြင်းအားဖြင့် အစားအသောက်တို့ကို ဆင်ခြင်ခြင်း၊
၂။ ရှာမှီးခြင်းအားဖြင့်
၃။ သုံးဆောင်သောအားဖြင့်
၎။ သည်းခြေ စသော တည်ရာ အားဖြင့်
၅။ စု၍တည်ရာ အစာသစ်အိမ်အားဖြင့်
၆။ မကြေ မကျက်သေးသော အားဖြင့်
၇။ ကြေကျက်ပြီးသော အားဖြင့်
၈။ ပြီးစီးသော အကျိုးအားဖြင့်
၉။ ယိုထွက်ခြင်းအားဖြင့်
၁၀။ ပေကျံခြင်းအားဖြင့် ဆင်ခြင် နှလုံးသွင်းရ၏။
ဤဆယ်မျိုးသော ဆင်ခြင်ပုံများကို ၀ိသုဒ္ဓိမဂ် အာဟာရေ ပဋိကူလသညာ အခန်း၌၄င်း၊ ပထမ မဟာဝိသုဒ္ဓါရုံ ဆရာတော်ဘုရားကြီး၏ ပရမတ္ထသရူပ ဘေဒနီကျမ်း ( ဒု၊ ၃၇၂ - ၆ ) ၌၄င်း အကျယ် လေ့လာနိင်ပါသေးသည်။ ဤသို့အားဖြင့် ၀ိပဿနာသို့ မရောက်ခင် သမထကမ္မဋ္ဌာန်းပေါင်း ( ၄၀ ) အရေအတွက် ရှိလေ၏။ ကမ္မဋ္ဌာန်းလေးဆယ် ရှုမှတ်ပွားများပုံနှင့် ၀ိပဿနာတက်ပုံများကို ဥာဏ်စဉ်များနှင့် ကိုယ်ကျင့်သတိပဋ္ဌာန် ခေါင်းစဉ် ဆောင်းပါးဖြင့် ဆက်လက် ဖော်ပြပါအုံးမည်။
မေတ္တာဖြင့် --
အရှင်သုနန္ဒာလင်္ကာရ M.A ( ပန်းကမ္ဘာ )
Subscribe to:
Post Comments (Atom)
No comments:
Post a Comment