Saturday, November 15, 2014
အမြင်ကြည်ကြည်ဖြစ်ဖို့ 
အဘိုးကြီးအို ခါးကုန်းကုန်း၊
မသေပါနဲ့အုံး။
နောင်နှစ်ခါ တန်ဆောင်မုန်း၊
ပွဲကြည့်ပါအုံး။
အမြင်အာရုံကောင်းဖို့လို၊
မျက်စိကိုအမြန်ပြ၊
ခွဲစိတ်ကုသ၊ ခံလိုက်ကြ။
ယခုလဟာ တန်ဆောင်မုန်းလဖြစ်သလို တိုက်တိုက်ဆိုင်ဆိုင် မျက်မမြင်ကာကွယ်ရေး ကျရောက်တဲ့လလည်း ဖြစ်ပါတယ်။ အောက်တိုဘာလ ၉ ရက် နေ့ဟာ ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့ ဖြစ်ပါတယ်။ ဒီနှစ်ကျရောက်တဲ့ မျက်မမြင်ပပျောက်ရေးနေ့ ဆောင်ပုဒ်ကတော့ Universal Eye Health, no more avoidable Blindness အားလုံး အမြင်အာရုံကောင်းဖို့၊ ကာကွယ်ကုသလို့ရတဲ့ မျက်စိကွယ်နိုင်တဲ့ ရောဂါမှန်သမျှ နောက်ထပ်မရှိစေရဆိုတဲ့သဘောပါ။ ဒါကြောင့် အဘိုးကြီးအိုခါးကုန်းကုန်း ကဗျာလေးကို ကျွန်တော်က (မျက်စိဆရာဝန်မို့) မျက်စိရှုထောင့် ကကြည့်ပြီး အထက်ပါအတိုင်း ဆက်ရေးလိုက်ရတာပါ။ တကယ်တော့ ကိုယ်ခန္ဓာမှာ တခြားရောဂါတွေလည်း မရှိဖို့လိုပါတယ်။
အမြင်ကောင်းအောင် ဘယ်လိုနေထိုင်ကြမလဲ၊ ကာကွယ်ကုသလို့ရတဲ့ မျက်စိရောဂါဆိုတာက ဘာတွေလဲ၊ မျက်စိရောဂါမှာလည်း တစ်ခြားရောဂါတွေကို မျိုးရိုးလိုက်တဲ့ရောဂါ (Genetic)၊ မွေးရာပါရောဂါ (Con-genital) နှင့်ပတ်ဝန်းကျင်အခြေအနေ မိမိရဲ့နေထိုင်စားသောက်ပုံ(Life Style) and (Environ-ment) အပေါ်မှာမူတည်ပြီး ဖြစ်နိုင်ပါတယ်။
ပထမတစ်မျိုးဖြစ်တဲ့ မျိုးရိုးလိုက်တဲ့ မျက်စိရောဂါတွေကို ဥပမာအဖြစ်ဖော်ပြရရင် မျက်စိအဝေးမှုန်ရောဂါ (Myopia)၊ မျက်စိအာရုံလွှာ ကင်ဆာရောဂါ (Retino-blastoma)၊ မျက်စိညမမြင်တဲ့ရောဂါ (Retinitic Pigmentosa) ရေတိမ်ရောဂါစတဲ့ ရောဂါတွေပဲ ဖြစ်ပါတယ်။ ဒါတွေကတော့ ကာကွယ်လို့မရတဲ့ ရောဂါတွေ ဖြစ်ပါတယ်။ ဒါပေမယ့် သတိထားနေသင့်တဲ့အချက် တွေရှိပါတယ်။ ဒီအထဲက မျက်စိအဝေးမှုန်ရောဂါ အမေအဖေမှာရှိတယ်ဆိုရင် ကလေးမှာလည်း ရှိလာနိုင်ပါတယ်။ ဒါကြောင့် ဒီလိုမိဘတွေက မွေးလာတဲ့ ကလေးတွေကို မျက်စိအမြင်အာရုံကို သုံးနှစ်၊ ငါးနှစ်အရွယ်လောက်ကပဲ စမ်းသပ်သင့်ကြပါတယ်။ကလေးကိုလည်း အနီးကပ်ကြည့်တဲ့အလုပ်(စာများ များကြည့်ခြင်း၊ TV Game ဆော့ခြင်း၊ TV ကြည့်ခြင်း၊ တယ်လီဖုန်းခလုတ်နှိပ်ဆော့ခြင်း) တို့ကိုအချိန်ကြာကြာ မလုပ်စေဘဲလမ်းလျှောက်ခြင်း၊ ကိုယ်လက်လှုပ်ရှားကစားခြင်းတို့ကိုသာ လုပ်စေသင့်ပါတယ်။ အစားအသောက်အနေဖြင့် နွားနို့၊မုန်လာဥ၊ ကန်စွန်းဥ၊ ရွှေဖရုံသီးစတဲ့ အဝါရောင်သစ်သီးနှင့် ဟင်းသီးဟင်းရွက်တို့ကို ငယ်စဉ်ကပင်ကျွေးသင့်ပါတယ်။
မျိုးရိုးအားဖြင့် မိခင်ဖခင်တစ်ဦးဦးဟာ ရေတိမ်ရောဂါရှိပြီဆိုရင် သားသမီးမှာလည်း ရှိတတ်ပါတယ်။
ဒါကြောင့် ရေတိမ်ရောဂါရှိသူ မိဘနှစ်ပါးက မွေးဖွားလာတဲ့ သားသမီးတိုင်း မိမိမှာ ရေတိမ်ရောဂါရှိ မရှိကို အသက် ၃ဝ ကျော်တာနဲ့ မျက်စိဆရာဝန်တွေနဲ့ အနည်းဆုံးသုံးနှစ်တစ်ကြိမ် စစ်ဆေးသင့်ပြီး လိုအပ်တဲ့ ကုသမှုခံယူသင့်ကြပါတယ်။
ဒုတိယ မွေးရာပါ မျက်စိရောဂါတွေကတော့ မျက်စိအတွင်းတိမ်ရောဂါ၊ ရေတိမ်ရောဂါ၊ မျက်စိစွေစောင်းရောဂါ၊ မျက်ခမ်းကျရောဂါ၊ မျက်စိတစ်ခုလုံးမဖွံ့ဖြိုးတဲ့ ရောဂါ၊ အရောင်ခွဲခြားနိုင်စွမ်းမရှိတဲ့ရောဂါ စတဲ့ရောဂါ တွေဖြစ်ပါတယ်။ ဒီထဲမှာ မျက်စိအတွင်းတိမ်ရောဂါတစ်ခုမှာ ကာကွယ်မယ်ဆိုရင် ကာကွယ်နိုင်တဲ့ရောဂါ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီရောဂါဟာ ကလေးသန္ဓေတည်ပြီး ပထမလေးလအတွင်း ကလေးရဲ့မိခင်ဟာMeasle ဆိုတဲ့ ဝက်သက်ရောဂါ၊ Rubella ခေါ်တဲ့ ဂျိုက်သိုးရောဂါကို ခံစားခဲ့ရရင် ဖြစ်တတ်တဲ့ရောဂါပါ။ ဒါကြောင့် ဒီရောဂါမဖြစ်အောင် သတိထားနေထိုင်ကြရင် ကလေးမှာမွေးရာပါမျက်စိအတွင်းတိမ်ရောဂါမှကာကွယ် နိုင်ပါတယ်။
အကယ်၍ အတွင်းတိမ်ရောဂါ၊ ရေတိမ်ရောဂါစတဲ့ ရောဂါတွေဖြစ်လာရင်လည်း ငယ်စဉ်ကပင် ခွဲစိတ်ကုသမှု ခံယူလိုက်ပါက အမြင်အာရုံမဆုံးနိုင်ဘဲ တစ်သက်လုံးနေသွားနိုင်တဲ့ရောဂါတွေဖြစ်ပါတယ်။ မျက်စိစွေစောင်း ရောဂါဟာလည်း ကလေးကို ကြီးအောင်ထိမထားဘဲ ငါးနှစ်အရွယ်ကပဲ ခွဲစိတ်ကုသပေးနိုင်ပါက နှစ်ဖက်စလုံး အမြင်အာရုံ ကောင်းစွာပြန်ရနိုင်ပါတယ်။ အရောင်ခွဲခြား နိုင်စွမ်းမရှိတဲ့ ရောဂါကတော့ ကာကွယ်ကုသလို့မရတဲ့ရောဂါပါ။
တတိယအုပ်စုဖြစ်တဲ့ ပတ်ဝန်းကျင်နှင့်မိမိရဲ့နေထိုင်ပုံကြောင့်ဖြစ်ရတဲ့ မျက်စိရောဂါတွေကတော့ ဗီတာမင်အေဓာတ်ချို့တဲ့လို့ဖြစ်တဲ့ မျက်စိရောဂါ၊ အဝေးမှုန်ရောဂါ၊ ထိခိုက်ဒဏ်ရာရောဂါ၊ မျက်စိအတွင်းတိမ်ရောဂါ၊ ဆီးချို၊ သွေးတိုးကြောင့်ဖြစ်တဲ့ မျက်စိရောဂါ၊ မျက်ကြည်လွှာရောဂါ (Comeal Uleer)၊ မျက်စိအတွင်းရောင်ရောဂါ (Uveitis)နှင့် မျက်သားတက်ရောဂါတို့ပဲ ဖြစ်ပါတယ်။
ဒီရောဂါတွေဟာ အားလုံးလိုလို ကာကွယ်နိုင်တဲ့ ရောဂါတွေဖြစ်ပါတယ်။ ကလေးတွေမှာ ဖြစ်တတ်တဲ့ ဗီတာမင်အေချို့တဲ့လို့ ဖြစ်ရတဲ့ရောဂါကို ဗီတာမင်ဆေးပြား ကလေးအရွယ်ကစပြီး တိုက်ကျွေးဖို့လိုပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနက ကျေးလက်ကျန်းမာရေးဌာနမှာ ပေးဝေနေတဲ့ ဗီတာမင်အေဆေးတောင့်လေးတွေကို တစ်လတစ်ကြိမ်ပုံမှန်တိုက်ကျွေးခြင်းဖြင့် ဒီရောဂါကို ကာကွယ်နိုင်ပါတယ်။ ကလေးတွေမှာအဖြစ်များတဲ့ မျက်စိထိခိုက်ဒဏ်ရာရောဂါကိုတော့ ကလေးအလွန်ဆော့တတ် တဲ့(၃-၄)နှစ်အရွယ်မှာ ကလေးကို ချွန်ထက်တဲ့အရာ၊ ပလတ်စတစ် လေသေနတ်စတဲ့ ပစ္စည်းတွေနဲ့ မကစားစေသင့်ပါဘူး၊ လူကြီးတွေမှာလည်း တွင်ခုံလုပ်ခြင်း၊ ဂဟေဆော်ခြင်း အလုပ်မျိုးတွေကို မျက်စိ Cover သို့မဟုတ် အကာကွယ်မျက်မှန်မျိုး တပ်ဆင်ပြုလုပ်သင့်ကြပါတယ်။ ယခုဆိုရင် ဆေးပညာတိုးတက်လာပြီး ဆေးရုံဆေးခန်းတွေ များပြားလာတာနဲ့အမျှ ဆီးချိုရောဂါ၊ သွေးတိုးရောဂါရှိသူတွေဟာလည်း နဂိုထက် အသက်ပိုရှည် လာကြပါတယ်။ ဒါကြောင့် ဆီးချို၊ သွေးတိုးကြောင့် ဖြစ်တတ်တဲ့ မျက်စိရောဂါရှိသူတွေ ပိုများလာပါတယ်။ ဆီးချို၊ သွေးတိုးရှိရင် သက်ဆိုင်ရာ သမားတော်ကြီးနှင့် ပြသပြီး ကုသမှုအမြဲခံယူနေကြဖို့ အလွန်အရေးကြီးပါတယ်။ ဒီရောဂါနှစ်ခုဟာ တစ်ခါကုရုံနှင့်
ပျောက်သွားတဲ့ရောဂါ မဟုတ်ဘူး။ တစ်သက်လုံး မသေမချင်း ကုသမှုခံယူ နေရတဲ့ရောဂါတွေပါ။ ဒီရောဂါနှစ်မျိုးစလုံးဟာ မျက်စိ၊ ကျောက်ကပ်၊ ဦးနှောက်တို့ကို ဒုက္ခပေးပြီး မသန်မစွမ်း ဖြစ်သွားစေနိုင်တဲ့ ရောဂါဖြစ်တဲ့အတွက် သက်ဆိုင်ရာ သမားတော်တွေရဲ့ ညွှန်ကြားချက်အတိုင်း လိုက်နာနေထိုင်သင့်ပါတယ်။ ဒီရောဂါရှိသူတွေဟာ ရောဂါနုစဉ်၊ ပထမငါးနှစ်ခန့်မှ တစ်နှစ်တစ်ခါမျက်စိဆရာဝန်နှင့်ပြသသင့်ပြီး ရောဂါသက်တမ်းရင့်လာတဲ့အခါ ခြောက်လတစ်ခါ ပြသကုသမှုခံယူသင့်ပါတယ်။ ယခုအခါ ဆီးချိုဝေဒနာရှင်တွေမှာ မျက်စိမှာရောဂါဖြစ်လာရင် လေဆာရောင်ခြည် ကုထုံးဟာ အမြင်အာရုံကို အတော်ကြီး ကာကွယ်နိုင်ပြီ ဖြစ်ပါတယ်။
ရေတိမ်ရောဂါမှာ နှစ်မျိုးရှိပြီး ထောင့်ကျဉ်းရေတိမ်နှင့် ထောင့်ကျယ်ရေတိမ်လို့ခေါ်ပါတယ်။ထောင့်ကျဉ်း ရေတိမ်ဟာ အသက် (၄ဝ-၅ဝ)အရွယ်လောက်မှာ ဖြစ်တတ်ပြီး ဖြစ်ပြီဆိုတာနဲ့ ခေါင်းကိုက်၊ မျက်စိကိုက်၊ အော့အန်ကာ မျက်စိနီရဲပြီး ရုတ်တရက် အမြင်မှုန်ဝါး သွားတတ်ပါတယ်။ ဒီအချိန်မှာ အမြန်ဆုံးဆေးကုသမှု ခံယူသင့်ပါတယ်။ တစ်ဖက်ဖြစ်ရင် နောက်တစ်ဖက်လည်း ဖြစ်နိုင်တာမို့ ကာကွယ်နိုင်တဲ့ ဆေးဝါးများကို ဆရာဝန်တွေ ညွှန်ကြားတဲ့အတိုင်း အသုံးပြုနေသင့်ပါတယ်။ နောက်တစ်မျိုးဖြစ်တဲ့ ထောင့်ကျယ်ရေတိမ်ရောဂါကတော့ အသက်(၅ဝ-၆ဝ)ကျော် အရွယ်တွေမှာ ဖြစ်တတ်ပြီး နီခြင်း၊ ကိုက်ခြင်း၊ မျက်စိရုတ်တရက် မှုန်သွားခြင်း မရှိပါဘူး။ ဆရာဝန်က စမ်းသပ်မှတွေ့ရှိ တတ်တဲ့ရောဂါဖြစ်ပါတယ်။ ဒါကြောင့် အသက် ၅ဝ ကျော်သူတိုင်း တစ်နှစ်တစ်ကြိမ် မျက်စိဆရာဝန်နှင့် ပြသင့်ကြပါတယ်။ ဒီရေတိမ်ရောဂါ နှစ်မျိုးစလုံးဟာ ဆေးဝါးသို့မဟုတ် ခွဲစိတ်ကုသမှု စောစီးစွာခံယူကြရင် မျက်စိမကွယ်နိုင်တဲ့ရောဂါဖြစ်ပါတယ်။
ဒါကြောင့် အမြင်အာရုံကောင်းအောင် ဘယ်လိုစောင့်ရှောက်နေထိုင်ကြမလဲဆိုတာ အတိုချုံးပြောရရင်
(၁) ကလေးကို ငယ်စဉ်ကပင် ရောဂါတစ်ခုခု ရှိတယ်လို့ သံသယဖြစ်ရင် စောစီးစွာပြသပြီး ကုသမှုခံယူခြင်း။
(၂) ဘာရောဂါမှ မသိသော်လည်း ကလေးတိုင်း ငါးနှစ်အရွယ် ကျောင်းမပို့မီ မျက်စိစစ်ဆေး ပြီးနောက် ငါးနှစ်တစ်ကြိမ် စစ်ဆေးခြင်း။(မျိုးရိုးလိုက်တတ်တဲ့ မျက်စိရောဂါရှိသူများ ၏ ကလေးများ ပို၍သတိပြုစစ်ဆေးခြင်း)
(၃) ကလေးကို ငယ်စဉ်ကပင် အာဟာရမျှတစွာ ကျွေးပြီး နွားနို့၊ ကြက်ဥနှင့် စိမ်းရွက်ဝါအသီးများ ကျွေးမွေးခြင်း။
(၄) အနီးကပ်ကြည့်တဲ့ တီဗွီဂိမ်း၊ တယ်လီဖုန်းဂိမ်းဆော့ခြင်း၊ တီဗွီကြာကြာ ထိုင်ကြည့်ခြင်း၊ မီးမှိန်မှိန်တွင် စာကြည့်ခြင်းတို့ကိုကြာကြာမပြုလုပ်စေဘဲ လမ်းလျှောက်ခြင်း၊ဆော့ကစားခြင်းများ ပြုလုပ်စေခြင်း။
(၅) မျက်စိထိခိုက်ဒဏ်ရာမရအောင် ရှောင်ရှားခြင်း၊ ရွှံ့၊ သဲ၊ ဖုန်မှုန့်ဝင်လျှင် စောစီးစွာကုသခြင်း။
(၆) အရွယ်ရောက် လူကြီးဖြစ်လာသောအခါ နေပူထဲသွားတိုင်း အနားကျယ်ဦးထုပ် သို့မဟုတ် နေကာမျက်မှန်တပ်ဆင်ခြင်း။
(၇) တွင်ခုံ၊ ဂဟေဆော်အလုပ်ရုံများနှင့် ဆောက်လုပ်ရေးအလုပ်တွင် လုပ်နေကြသူတိုင်းမျက်စိကာဘာတပ်ဆင် အလုပ်လုပ်ခြင်း။
(၈) ဆီးချို၊ သွေးတိုးရှိလာရင် သမားတော်ကြီးများနှင့်ပြသပြီး ကုသမှုခံယူကာ မျက်စိဆရာဝန်များနှင့်ပါ ပြသနေခြင်း။
(၉) ခွဲစိတ်ကုသလို့ရတဲ့ ရေတိမ်ရောဂါ၊ အတွင်းတိမ်ရောဂါတို့ရှိပါက ခွဲစိတ်ကုသမှု ခံယူခြင်းတို့အပြင် ကျန်းမာရေးဌာနက အခါအားလျော်စွာ ထုတ်ဝေတဲ့ ကျန်းမာရေးပညာပေးစာစောင်များအား ဖတ်ရှုလိုက်နာခြင်းတို့ ဆောင်ရွက်သင့်ပါသည်။
ယခုအခါ ဆရာတော်၊ သံဃာတော်ကြီးများက လည်း မျက်စိအခမဲ့ကုသပေးသည့် ဆေးရုံ၊ ဆေးခန်းများ ဖွင့်လှစ်ထားပြီး ချမ်းသြာ<ွကယ်ဝသည့် အလှူရှင်များကလည်း အခမဲ့မျက်စိခွဲစိတ်ကုသသည့် ခရီးစဉ်များဆောင်ရွက်ပေးနေသဖြင့် အနယ်နယ်အရပ်ရပ်က မျက်စိကုသလိုသူ ဝေဒနာရှင်များအတွက် လွယ်ကူစွာကုသမှုခံယူနိုင်ပြီ ဖြစ်ပါတယ်။ဒါကြောင့် မျက်စိဆရာဝန်များထံမှ ကုသမှုခံယူကြခြင်းဖြင့် မျက်စိအမြင်အာရုံကို ကောင်းမွန်အောင် စောင့်ထိန်းနိုင်ကြောင်း တင်ပြလိုက်ရပါသည်။
ဒေါက်တာ-ကံညွန့်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment