Saturday, October 25, 2014
ပြည်သူ့ အကျိုးသူသယ်ပိုး
    ထိုသို့ ကိုးကွယ်မှုတို့ တွင် တိုင်းပြည်အုပ်ချုပ်မင်းလုပ်သူတို့ လည်း အကြောက်တရားမကင်းကြပေ၊ ပြည်သူမကြည်ဖြူမှာလည်းကြောက်၏ နတ်ကိုလည်းကြောက်၏ ၊ထိုအကြောက်တရားကြောင့်ပင် ပြည်သူတို့ကိုးကွယ်ရာ တော တောင် နတ်အိမ်နတ်နန်း ထာဝရဖန်ဆင်းရှင်ဘုရား ဘိုးဘိုးအောင်၊အဘအောင်မင်းခေါင၊် အမေကို မိဘုရားပြန်ကောက်သည့် ကိုကြီးကျော် စသည်ကိုလည်း ကိုးကွယ်ကြ၏။ စုတိစိတ်ကျပြီးမှ ဘဝတဖန်ပြန်ဖြစ်စေသည့်ပဋိသန္ဓေစိတ်ဖြင့် လူ နတ်စသည်ဖြစ်၏၊ ထိုသို့မဟုတ်ဘဲစုတိစိတ်မကျဘဲလူအရှင်ကနတ်ဖြစ်သည်ဆိုသော ကိုးမြို့ရှင်ဦးရှင်ကြီးနတ်စသည်ဖြင့် ကိုးကွယ်မှုတွေ စုံလို့ ပင်ဖြစ်၏၊နောင်လည်း ကိုးကွယ်မှု တွေရှိနေမည်သာ။
    အကြောက်တရားကို အခြေခံ၍ ကိုးကွယ်ကြရာတွင် မှန်ကန်မှုရှိမရှိ အပြစ်ဖြစ်မဖြစ် စသည်မတွေးတောဘဲ မိမိချမ်းသာရေး ကောင်းစားရေအတ္တကိုသာ ရှေ့တန်းထားကိုးကွယ်ကြ၏ ။
    ထိုသို့ ကိုးကွယ်သည့်အခြေနေ ခေတ်အဆက်ဆက်တို့ တွင် ပြည်သူ့ အကျိုးကို လိုလားသော အတွေးခေါ်ပညာရှင် မင်းတစ်ပါး ပေါ်ထွန်းခဲ့၏ ။    ထိုမင်းကားဗာရဏသီပြည်ကိုစိုးစံ အုပ်ချုပ်တော်မူသော ဗြဟ္မဒတ္တမင်း၏သား တော် ဗြဟ္မဒတ္တကုမာရမင်းသား ဖြစ်၏ ။   
    ဗြဟ္မဒတ္တမင်းကြီးသည် သူ၏သားတော်ကိုမိမိအမည်ကိုအမှီပြု၍ ဗြဟ္မဒတ္တကုမာရဟု အမည်ပေး၍ ပညာသင်အရွယ်ရောက်သော် ပညာများစုံလင်တတ်မြောက်အောင် သင်စေ၏ ။    ထိုခေတ်တက္ကသိုလ် ပညာရပ်တို့ ကို သင်စေ၏၊ ယောက်ကျားတို့ တတ်အပ်သော ပညာ အဋ္ဌာရသပညာရပ်များကို ထူးချွန်စွာလည်းဗြဟ္မဒတ္တကုမာရသည် တတ်မြောက်ပါ၏ ။့
    ဗြဟ္မဒတ္တကုမာရမင်းသည် ထိုခေတ်ပညာရပ်များ ပြည့်စုံစွာ တတ်မြောက်ပြီးနောက် ဗာရဏသီသို့ ပြန်လာ၏ တိုင်သူပြည်သား သူအများကလည်း သောင်းသောင်းဖျဖျ ကြိုဆိုကြ၏၊ မင်သားအားလည်း ချစ်မြတ်နိုးကြ၏ ၊ဘုရင်ကြီး၏ နန်းညွန့် နန်းလျာဖြစ်၍လည်း အားကိုးမှုဖြင့်လည်းချစ်ကြပေသည်။
    ခမည်းတော်ဗြဟ္မဒတ္တမင်းကြီးလည်း သားတော်လေးအား လွန်စွာအားကိုးတော်မူ၏ ထိုကြောင့်လည်း သားတော်လေးကို ပညာတော်သင်စေလွှတ်ခါ တတ်မြောက်စေခဲ့၏။ ယခုမူ ထူးချွန်ထက်မြက်စွာပညာရပ်များ တတ်မြောက်လာခဲ့သည့် သားတော်လေး ဗြဟ္မဒတ္တကုမာရကိုကြည့်၍ ပျော်မဆုံး မော်မဆုံး ဖြစ်လျှက်ရှိ၏ အကြောင်းမူ မိမိ၏အရိုက်အရာ ထီးမွေ နန်းလျာကို ဆက်ခံမည့်သားတော်သည် ပညာထူးချွန် စိတ်ဖြူစင်သောကြောင့်တည်း။
    မိမိလည်း သက်တော်ရလို့  ခါကုန်း အားနုန်းသည့်အရွယ်ရောက်နေပြီဖြစ် သဖြင့် သားတော်အား အိမ်ရှေ့ ဥပရာဇာ အပ်နှင်းဖို့ ဆန္ဒပြင်းပြနေခဲ့သည်မှာကြာပေပြီ ။ ပညာတော်မစုံသေး၍သာ  စောင့်ဆိုင်းနေခဲ့ခြင်းဖြစ်ပေသည်။
   ယခုကား ထိုဆန္ဒများ ပြည့်စုံသွားပေပြီ ထို့ ကြောင့်လည်း သားတော်လေး ဗြဟ္မဒတ္တကုမာရ မင်းသားလေး အား အိပ်ရှေ့ ဥပရာဇာ ဘွဲ့အပ်နှင်းလေ၏။
      ထိုခေတ်ထိုအခါ၏ တိုင်းပြည် အုပ်ချုပ်မှု စနစ်သည် ပဒေသရာဇ်စနစ်ဖြစ်ပေသည် ဘုရင့်သားတော်တစ်ယောက်သည် ဘုရင်၏ အရိုက်အရာ ထီးမွေ နန်းလျာကို ဆက်ခံရမြဲဖြစ်ပေသည် သားတော်မရှိက သမီးတော်နှင့်လက်ဆက်ရန် တူတော် ညီတော် စသည့် သွေးနီးသူနှင့် လက်ဆက်ခါ  ဥပရာဇာဘွဲ့ကို ပေးရ၏။
     ဗြဟ္မဒတ္တမင်းကြီးသည်ကား ဥပရာဇာ ဘွဲ့ပေးရန် သားတော်တစ်ပါးရှိနေသည့်အတွက် စိတ်ရတက် ဗျာပါဒ ကြောင့်ကြစရာမလိုပေ။
      သားတော်အား ဥပရာဇာဘွဲ့ကို အပ်နှင်းပြီး အိမ်ရှေ့မင်းတို့ လုပ်ပိုင်ခွင့် အခွင့်အာဏာတို့ ကိုလွှဲအပ်ခါ တိုင်းပြည်ကို အုပ်ချုပ်စေသည်။ဤခေတ် ဝန်ကြီးချုပ်ကဲ့သို့ ပင်ဖြစ်၏။
     ဗြဟ္မဒတ္တကုမာရ ဥပရာဇာမင်းသားသည် တိုင်းပြည်ကောင်းစာရေး ပြည်သူ့ အကျိုးဖြစ်စေမည့်  လယ်ယာကိုင်းကျွန်းများ အထောက်ကူဖြစ်မည့် ဆည်တမန်များတုပ်ခြင်း သွားလာလွယ်ကူစေရေးအတွက် လမ်းတံတားတည်ဆောက် ပြုပြင် မွမ်းမံခြင်း နိုင်ငံရေးဆိုင်ရာ သံတမန်ကိစ္စများ ငြင်းခုံခြင်း ခိုက်ရန်ဒေါသမရှိစေအောင် စီမံခြင်း စစ်မက်ရေးရာ မဖြစ်ပေါ်အောင်ဆောင်ရွက်ခြင်းစသည်တို့ကို အားသွန်ခွန်စိုက်ဆောင်ရွက်ပေသည်။
    ထို့ ကြောင့် ဖခမည်းတော်နှင့်တကွ ပြည်သူများက လေးစားကြည်ညိုချစ်ခင်ကြ၏ ။ဗြဟ္မဒတ္တကုမာရ ဥပရာဇာမင်းသားသည် ပြည်သူတို့ ကျမ္မာရေး လူမှုရေး   စသည်များကိုလဲ အသိပညာ ပေးခြင်း ထောက်ပံ့ပေးခြင်းစသည်တို့
ကိုလည်း အားသွန်ခွန်စိုက်ရှိပေသည် ။ 
      ထိုသို့ကြိုးစားဆောင်ရွက်ရင်း  တနေ့သောအခါဝယ် တိုင်းသူပြည်သား တို့ ၏ ယုံကြည်ကိုးကွယ်မှုဆိုင်ရာပူဇော်ပွဲကြီးရက်သို့ ရောက်လာ၏။ ထိုရက်တွင် ဘုရင်နှင့်တကွ တိုင်းသူပြည်သားတို့ သည် ပူဇော်ပွဲကျင်းပရာမြဲ ညောင်ပင်ကြီးဆီသို့ ပူဇော်ရန် ဆိတ်ကုလား နွား နွားနောက် ဆိတ် ကြက် ဝက်တို့ကိုယူဆောင်၍လာကြခါ သတ်ဖြတ်၍ အသွေးအသားစိမ်းရွှင်
ရွှင်တို့ ဖြင့်ညောင်ပင်တွင်ရှိနေသည်ဟုယုံ
ကြည်ထားသော နတ်မင်းကြီးအား ရည်မှတ်၍ ညောင်ပင်ကို လက်ကျာရစ်လှည့်ကာ ပူဇော်ကြ၏ ။
ထိုသို့ ပူဇော်ခြင်းကို ယဇ်ပူဇော်ခြင်းဟု ခေါ်၏။ မိမိတို့ အလိုရှိရာကို ပြည့်စေဖို့ မ စရန် ဆန္ဒပြု ဆုတောင်းကြ၍ ကတိကဝတ်လည်းဆိုကြ၏
     ဤပွဲသို့ ဗြဟ္မဒတ္တကုမာရ ဥပရာဇာလည်းတက်ရောက်၏ အခြင်းအရာအားလုံးကို သြိမင်နေသည့် မင်းသားသည်  ပြည်သူပြည်သားတို့ ၏ ယုံကြည်နေမှု ကိုးကွယ်ပူဇော်နေမှုတို့ ကို မနှစ်မြို့ ပေ ၊ မင်းသား၏ စိတ်တွင် လူတို့ သည် မိမိအသက်သေမှာကိုတော့ စိုးရိမ်ကြောက်ရွံ့၏ တစ်ပါးသတ္တဝါ၏ အသက်ကိုကား ညှာတာကင်းမဲ့စွာ သတ်ဖြတ်၍ ယဇ်နတ်ပူဇော်နေခြင်းသည် ကိုယ်ချင်းစာနာမှုကင်းမဲ့၍ တွေးခေါ်စဉ်းစား ဉာဏ်ရှေ့မသွားဘဲ သူမိုက်မဲတို့ ၏ မှားသောအကျင့်သာဖြစ်ပေသည် ။ ထိုအကျင့်ဖြင့်  ပစ္စုပ္ပန်    တမလွန် ကောင်းကျိုးမယှဉ်နိုင် ဆိုးကျိုးသာ ဖြစ်ပေါ်နိုင်မည်ဟုတွေးကာ သတ္တဝါများအပေါ် သနားကရုဏာဖြစ်နေပေသည်။                      သတ္တဝါတိုင်းအပေါ် သနားကရုဏာစိတ်ထားကာ သတ္တဝါများ၏အကျိုးကိုယခုထက်ဆောင်ရွက်ဖို့ ပို၍ စိတ်အားထက်သန်လာ၏ အကောင်ထည်ပေါ်ရန်  မည်သို့ ဆောင်ရွက်ရမည်ကို တွေး၏။
    ဆောင်ရွက်လို့ ရမည့် အချိန်ခါ  ပြောဆိုရမည့်စကား လူအများ၏ ယုံကြည်မှု မှန်ကန်စေရန်နည်းလမ်းစသည်ပေါ်လာ၏ ။  
         ထို့ကြောင့် ဗြဟ္မဒတ္တကုမာရ ဥပရာဇာမင်းသားသည် မှူး မတ်စသည် ပြည်သူများနှင့်အတူ ညောင်ပင်ကြီးအား လက်ကျာရစ်လှည့်ခါ  မှူး မတ်ပြည်သူများသိသာအောင် အို ပင်ညောင်စောင့်နတ် အရှင် အကျွန်နုပ်အား မင်းအဖြစ်ကိုပေးသနား စောင်မ ပါ မင်းအဖြစ်ကို အကျွန်နုပ်ရရှိပါက သူ၏အသက်ကို သတ်ဖြတ်သောသူ
သူ့ ဥစ္စာကို ခိုးယူသောသူ သူ့ တစ်ပါးအိမ်ယာသားမယား အုပ်ထိန်းခံတို့ ကိုပြစ်မှားကျူးလွန်သူ
မမှန်စကား လိမ်ညာပြောကြားသူ သေအရက်ကိုသောက်စားလွန်ကျူးသောသူ တို့ ၏ အသက်သွေးတို့ ဖြင့်ယဇ်အမှုကိုပြုပါအံ့  ဟု  ပြောကြားခါုပြည်သူများနှင့်အတူ ပူဇော်ဟန်ပြုလေ၍ ပြန်ခဲ့၏။ ထိုသို့ သောနည်းဖြင့် ရံခါ ရံခါ ပင်ညောင်ပင်သို့ကပ်၍ု ပြည်သူပြည်သားများမြင်သာအောင် နတ်ကိုပူဇော်လေဟန်ပြု၏့
       တနေ့ သော် ဗာရဏသီပြည့်ရှင်မင်းကြီး ဗြဟ္မဒတ္တသည် နတ်ရွာစံ ကံတော်ကုန်လေသည် ။ ထိုအခါ ဗြဟ္မဒတ္တကုမာရ မင်းသားသည် ဖခမည်းတော်၏ ပြုဘွယ်ကိစ္စတို့ ကို ဆောင်ရွက်ပြီးစီပြီးနောက် နန်းသိမ်း နန်းတက်ပွဲ ခံယူလေသည် ။ ထို့ နောက် မှူးမတ်ဗိုလ်ပါတို့ ကို ညီလာခံဆင့်ခေါ် ၍ ညီလာခံတွင်ဤသို့ မိန့်၏။
     အိုအမတ်ကြီးတို့ ငါသည်အဘယ်ကြောင့် မင်းအဖြစ်ရသည်ကို အသင်တို့ သိကြသနည်းဟုမေးလေ၏ ။ မင်းချင်းတို့ လည်းမသိကြောင်းလျှောက်တင်လေသောအခါ မိမိကြံစီဆောင်ရွက်ခဲ့မှုတို့ ကိုမိန့်လေ၏။
    မှန်၏ ဗြဟ္မဒတ္တကုမာရ မင်းသည် မင်းအဖြစ်ကိုမရမှီက ဆောင်ရွက်ရန်အခါအခွင့်မသင့်ပေ ၊ အကြောင်းမူ မိမိ၏ ရာထူးအာဏာအခွင့်သည် ဤခေတ် ဝန်ကြီးချုပ်အဆင့်မျှသာလုပ်ပိုင်ခွင့်ရှိ၏ ။တဖန် အုပ်ချုပ်သူမင်းသည် ဖခမည်းတော်ဖြစ်၍လည်းနေ၏ ဖခမည်းတော်ကိုကျော်လွန်၍ ဆောင်ရွက်ဖို့ မသင့်ဖြစ်သည်ကိုသိ၏ ။ထို့ကြောင့်လည်း ဖခမည်းတော်လွန်မူသော် ပြည်သူပြည်သားတို့ ကို မထိခိုက်မပင်ပန်းစေဘဲ သတ္တဝါတို့ ၏အသက်သတ်ဖြတ်ခြင်းကိုမပေးအံ့ဟူသော ဥပါယ်တမည်အကြံကို ဆိုင်းငံ့ခါ အခါအခွင့်ကို စောင့်၍နေခဲ့လေခြင်းဖြစ်၏။
တဖန်လည်းလွတ်လပ်စွာကိုးကွယ်ခွင့်ဟူသော လူအခွင့်ရေးကိုလည်မထိခိုက်စေအောင်ပြောဆိုရလေ၏ ။
         ဗြဟ္မဒတ္တကုမာရမင်းသည် မှူးမတို့ အား တိုင်းပြည်သို့ သိစေရန် ဤသို့ စည်လည်စေ၏   ငါတို့ ၏ ဘုရင်ထီးဘုရားသည်  အကြင်သူတို့သည် ပါဏာတိပါတ စသောငါးပါးကုန်သော  သီလမရှိကုန်သောသူတို့ ၏ အမှုကိစ္စတို့ ကိုလည်းကောင်း
ဆယ်ပါးသော အကုသလကမ္မပထတို့ ကိုလည်းကောင်း ယူ၍ကျင့်ကြကုန်လတ္တံ့ထိုသူတို့ ကိုသတ်၍ အသား အသေွး အူအထွေးတို့ ဖြင့် နတ်ပူဇော်သော အမှုကို ပြု အံ့ဟုတောင်းပန်ဘူးပေပြီ
     ထို့ကြောင့်ပင် ပြည်သူ ပြည်သားတို့သီလမရှိသည်ဖြစ်အံ့ထိုသူတို့ ၏အသက်သွေးတို့ ဖြင် ပူဇော်မည်ဖြစ်ပါသဖြင့်  ပြည်သူ ပြည်သားတို့မှ ငါပါးသီလစသည်ပြည့်စုံသော် နတ်ပူဇော်မှုမှလွတ်အံ့ ဟု တိုင်းပြည်သို့  စေ၏ ။
      ဤတွင် ဗြဟ္မဒတ္တကုမာရမင်း၏ စကားအရာသည် အလွန် နိုင်ငံရေးပရိယယ်ကြွယ်သည်ဟု ဆိုရပေမည်ဖြစ်၏ ။ ပြည်သူပြည်သားတို့ ရှေးစွဲစဉ်လာ ယုံကြည်မှုကို တိုက်ရိုက် မကန့် ကွက်ပေ၊ အခြေခံလူအခွင့် ရေးကိုလည်းမထိခိုက်ပေ ။
      ပြည်သူပြည်သားတို့ ၏စိတ်ကိုသိ၍ထိုသို့ ကြံခြင်းဖြစ်၏ လူတို့ သည်   မိမိအသက်ကိုကား သေမှာကိုကြောက်၏ ထိုအချက်ကို ပိုင်နိုင်စွာသိထား၍လည်း ထိုသို့ စီစဉ်ခြင်းဖြစ်ပေသည်။   တဖန် နတ်နှင့် ဘုရင် ယှဉ်လိုက်လျှင် ဘုရင်သည် နီးသူဖြစ်၍ နီးရာဓါးကို ပို၍ကြောက်မည်မှာအမှန်ပေ။
     ဤသို့ ဖြင့် ပြည်သူပြည်သားတို့  သိစေရာ ပြည်သူပြည်သားတို့ သိကြ၍ တစ်ပါးသောသတ္တဝါတို့ ၏အသက်ကို သတ်ဖြတ်ခြင်းစသော အမှုကိုမပြုကုန်၍ ငါးစုံသော သီလတို့ လုံခြုံလာကာ ကုသိုလ်ကမ္မပထများ တိုးပွါးပြီး တိုင်းပြည်ကြီးလည်း တိုးတက်စည်ပင် သာယာဝပြော၍ ကိုးကွယ်ယုံကြည်မှုဆိုင်ရာတွင်လည်း ပြည်သူပြည်သားတို့ သည်နားလည်လာကြ၏။
     မိမိတို့ ၏ သမုတိသခင် ဘုရင် ဗြဟ္မဒတ္တကုမာရသည် ပြည်သူ့ အကျိုးကိုလိုလားရာတွင် ယခုပစ္စုပ္ပန်တခုတည်းကိုသာ မကြည့် နောင်သံသရာထိအကျိုးကိုကြည်၍ ဆောင်ရွက်ခြင်းဖြစ်သည် ဟု ဘုရင်မင်းမြတ်အပေါ်လည်း ယုံကြည်မှု ပိုလာကာ မင်းနှင့်ပြည်သူ ကြည်ဖြူစွာလက်တွဲမှုသည်ခိုင်ခန့်လာ၏။
     ဘုရင်ဗြဟ္မဒတ္တကုမာရသည်တိုင်း ပြည်အုပ်ချုပ်မှုတွင် မင်းကျင့်တရားဆယ်ပါး အလေးထား၍အုပ်ချုကာ ပြည်သူ့ အကျိုးကိုအမှန်တကယ်လိုလားသော မင်းကောင်းတစ်ပါးဖြစ်ပေသည်တကား။
      ယနေ့ ခေတ်တို့၏ အတုယူဘွယ် စံပြမင်းတစ်ပါးဖြစ်ပါ၏။ ယနေ့ခေတ် မြန်မာပြည်ကြီးကိုအုပ်ချုပ်မည့်မင်းလည်း ဗြဟ္မဒတ္တကုမာရမင်းကို အမှတ်ရကြည်ညိုနေမည်ဆိုလျှင်.......
          ဒုမ္မေဓဇာတ်မှာကဲ့သို့ ပြည်သူပြည်သားတို့ အကျိုး အမှန်တကယ်လိုလားလျှင်...........
No comments:
Post a Comment