မိဘကျေးဇူး ကျေအောင်ဆပ်ဖို့ အလွယ်ပေဘူး... မလွယ်ပေမဲ့ ကျေအောင်ဆပ်နိုင်သူတွေထဲမှာတော့... ဘုရားရှင်ဟာ ထိပ်ဆုံးကပါပဲ... မိမိအပေါ် ကျေးဇူးရှိခဲ့သူများကို ဆင်းရဲငြိမ်းအောင် လုပ်ပေးသွားပါတယ်... မိခင်ဖခင်တို့ကို ဆင်းရဲဒုက္ခချုပ်ငြိမ်းအောင် ပြုလုပ်ပေးနိုင်ရင်... ကျေးဇူးကျေတယ်လို့ ဆိုပါတယ်... ဒါကြောင့် သားသမီးများက မိဘများကို ဆင်းရဲငြိမ်းအောင် လုပ်ပေးကြရမယ်... မသိသေးသူ မိဘများကို သိအောင် လမ်းညွှန်ပေးကြရမယ်... ဒါနမပြုတဲ့မိဘကို ဒါနပြုအောင်... သီလမလုံတဲ့မိဘကို သီလစောင့်ထိန်းအောင်... ဘာဝနာမရှိသေးတဲ့မိဘကို တရားအားထုတ်တတ်အောင် သင်ပြပေးကြရမယ်... အိုမင်းလာတဲ့ မိဘများကို ကျွေးမွေးပြုစု စောင့်ရှောက်ကြရမယ်... ကောင်းမှုနဲ့ပျော်မွေ့ပြီး စိတ်ချမ်းသာအောင် ထားပေးရမယ်.. ကျေးဇူးရှင်မိဘများ သေဆုံးကြပြီဆိုရင်လည်း ကျန်ရစ်သူ သားသမီးများက... မိဘတွေထားခဲ့တဲ့ (လုပ်စေချင်တဲ့) ကောင်းမှုနဲ့ယှဉ်တဲ့အလုပ်တွေဆိုရင် လုပ်ကြရမယ်... တစ်ရက်မှာတော့ ဒကာလေးက ဖုံးဆက်လာတယ်... အရှင်ဘုရား ကျေးဇူးရှင်မိခင်ကြီး ဒီဘဝ ငြိမ်းချမ်းသွားပါပြီတဲ့... ခုတော့ တစ်ဘဝတစ်ခန္ဓာ မိဘတာဝန်ကျေပွန်စွာနဲ့ ဘဝကူးသွားပြီပေါ့... မိဘများဟာ သားသမီးတွေအတွက်ပဲ အချိန်တွေ ပေးသွားကြတယ်... သားသမီးတွေကလည်း နိုင်သလောက်လေးကျေးဇူးဆပ်ကြရင်းနဲ့ ပြီးသွားပြန်ရော... ဒီလိုနဲ့ပဲ...  ဒီနေ့ကတော့ ဒီဇင်ဘာ ၇-ရက် ဆရာမကြီးရဲ့ အသုဘအခမ်းအနား...  ညနေ ၄-နာရီမှာ ဆရာတော်နှစ်ပါးပင့်ပြီး ကုသိုလ်ပြု အမျှဝေကြမယ်... အသုဘကတော့ ဒီနိုင်ငံထုံးစံပဲပြောရမလား မသိဘူး ငိုယိုသူမရှိပေါ့... အားလုံးတည်တည်ငြိမ်ငြိမ်နဲ့ပဲ လုပ်စရာရှိတာ လုပ်သွားကြပါတယ်... ဘုန်းကြီးတွေ အခမ်းအနား အရင်စပါတယ်... ပြီးရင်တော့ သေဆုံးသူရဲ့ တစ်ဘဝအကြောင်းအရာ ဂုဏ်ပုဒ်တွေပြောကြပါတယ်... တစ်ဦးပြီးတစ်ဦး ဂုဏ်ကြီးရင် ကြီးသလောက် ပြောကြတယ်... မြန်မာပြည်မှာဆိုရင်တော့ ပွဲကြီးနိုင်တဲ့ အသုဘတစ်ခုပါ... ဒီမှာတော့ သာမန်ပါပဲလေ... ဆရာတော်က သီလပေး တရားဟော ရေစက်ချအမျှဝေပေးပါတယ်... ဟောတဲ့တရားလေးကတော့ ပဋာစာရီတဲ့... ဓမ္မကထိကဆရာတော်ဆိုတော့ အသံကောင်း အပြောကောင်းပါပဲ... ကြာနီကန်ဆရာတော်တို့နဲ့ ခေတ်ပြိုင်လောက်ဆရာတော်ထင်ပါ့... ဘုန်းကြီးသာ ပဋာစာရီဟောရင်တော့ အစအဆုံးဟောမိမယ်ထင်တယ်... ဒီလိုဟောရင်လည်း ကမောက်ကမ ဖြစ်မှာ သေချာတယ်... ဘာလို့ဆို ပဋာစာရီက မိဘသဘောမတူတဲ့ ကိုဒါသကို ခိုးယူတာကနေ စမိမှာ... ခုတော့ဆရာတော်က ဒါတွေကိုကျော်ဖြတ်ပြီး... ကိုဒါသသေဆုံးလို့ ကိုဒါသရဲ့ဆိုပြီး ငိုခြင်းချတာလေးက စပြီးဟောသွားတယ်... ပြီး သားငယ်လေးစွန်ချီပြန်ရော သားငယ်လေးစွန်ချီလို့ငို... သားကြီးကရေနစ်သေပြန် ငို ဒီလိုစိတ်မကောင်းစရာတွေဖြစ်နေချိန်... မိခင်ဖခင်နဲ့ မောင်ဖြစ်သူက အိမ်ပြိုလို့သေပြန် ငိုစရာတွေများစွာနဲ့... စိတ်ဖေါက်ပြန်ပြီး ဘုရားရှင်ဆီရောက်လို့ တရားရေအေးတိုက်ကျွေးတော့မှ... ဒီဘဝရူးတဲ့အရူးရော သံသရာကပါလာတဲ့ ကိလေသာအရူးကော ရှင်းသွားတယ်... ဝမ်းနည်းပူဆွေးစရာလေးတွေ ဟောပြီးနောက်... ခန္ဓာမှန်သမျှမမြဲကြောင်း မမြဲတဲ့ခန္ဓာတွေပဲ မိမိတို့မှာ ရှိနေကြောင်း... ခန္ဓာမှန်သမျှ ဆင်းရဲကြောင်း ဆင်းရဲတဲ့ခန္ဓာတွေပဲ မိမိတို့မှာ ရှိနေကြောင်း... ခန္ဓာမှန်သမျှ အစိုးမရကြောင်း အစိုးမရတဲ့ခန္ဓာတွေပဲ မိမိတို့မှာ ရှိနေကြောင်း... ပြီးတော့မှ သစ္စာလေးပါးနဲ့ အဆုံးသတ်ပြီး အမျှဝေရေစက်ချကြတယ်ပေါ့... အမျှဝေပြီးနောက်... အနိစ္စာဝတ သင်္ခါရာ စတဲ့ သုံးဂါထာကိုတိုင်ပေးကြပြီး လိုက်ဆိုခိုင်းပါတယ်... နောက်ဆုံး အမိနဲ့သား ဆွေမျိုးများ တစ်ဦးနဲ့တစ်ဦး အပြစ်တွေရှိရင် ခွင့်လွှတ်ကျေနပ်ကြဖို့ တောင်းပန်ကန်တော့ကြရင်း အခမ်းအနားပြီးပါတယ်... ဟန္ဒဒါနိ ဘိက္ခဝေ၊ အာမန္တယာမိ ဝေါ။ ဝယဓမ္မာ သင်္ခါရာ၊ အပ္ပမာဒေန သမ္ပာဒေထ။  ဦးလောကနာထ ၁၂.၈.၂ဝ၁၁
No comments:
Post a Comment