Tuesday, January 13, 2015

ပြိတ္တာများ တရားထူးရနိုင် မရနိုင်နှင့် အသူရကယ်

ရေးသားသူ : Buddhism Beams // အချိန် : 14:34 // 0 မှတ်ချက်   Email This BlogThis! Share to Twitter Share to Facebook  (ဘဒ္ဒန္တ ၀ါယမသာရ ဖြေဆိုသည်) (မေး) (ပြိတ္တာများ တရားထူး ရနိုင် မရနိုင်) တန်ခိုးကြီးသော အဆင့်မြင့် ပြိတ္တာများ တရားအားထုတ်၊ ဥပုသ်စောင့်၊ တရားနာကြသည်ဟု ကြားဖူးပါသည်။ မဂ်ဖိုလ်ရော ရနိုင်ပါသလား။ ဖြေကြားပေးတော်မူပါရန် ရိုသေစွာ လျှောက်ထားပါသည်ဘုရား။ (အရှင်သုမန-ပြည်မြို့) (ဖြေ) ပြိတ္တာမျိုးတို့တွင် ၀ိနိပါတိက အသုရာ နှင့် ဝေမာနိကပြိတ္တာ ဟူ၍ခေါ်သော စတုမဟာရာဇ် နတ်မျိုးဝင် ပြိတ္တာများသည် အချို့မှာ အပါယ်ပဋိသန္ဓေစိတ်ဖြင့် ပဋိသန္ဓေနေကြသည်။ အချို့မှာ ဒွိဟိတ်စိတ်ဖြင့် ပဋိသန္ဓေနေကြသည်။ အချို့မှာ မဂ်ဖိုလ်ရနိုင်ခွင့်ရှိသော ဉာဏ်နှင့်ယှဉ်သော တိဟိတ်ပဋိသန္ဓေစိတ်မျိုးဖြင့် ပဋိသန္ဓေနေကြပါသည်။ အပါယ်ပဋိသန္ဓေစိတ်နှင့် ဉာဏ်နှင့်မယှဉ်သော ဒွိဟိတ်စိတ်ဖြင့် ပဋိသန္ဓေနေသော ၀ိနိပါတိက အသုရာနှင့် ဝေမာနိက ပြိတ္တာတို့မှာ မဂ်ဖိုလ်တရားထူးများ မရရှိနိုင်ပါ။ ဉာဏ်နှင့်ယှဉ်သော တိဟိတ်စိတ်ဖြင့် ပဋိသန္ဓေနေသော ၀ိနိပါတိက အသုရာနှင့် ဝေမာနိကပြိတ္တာ တို့မှာမူ တရားနာကြားခွင့်၊ တရားနှလုံးသွင်းခွင့်များ ရခဲ့လျှင် မဂ်ဖိုလ်တရားထူးများ ရရှိနိုင်ပါသည်။ ဥပမာအားဖြင့်-ဓမ္မပဒ၌ လာသော ဝေမာနိကမျိုးဝင် ကာလယက္ခိနီ ဘီလူးမသည် ကလေးမွေးတိုင်း မွေးတိုင်း စားနေသည်။ ထို့နောက် ဘုရားရှင်၏တရား နာရ၍ သောတာပန် တည်လေ၏။ ယက္ခသံယုတ်၌လာသော အာဠာဝက ဘီလူး၊ ပိယင်္ကရမာတာ၊ ပုနပ္ဗသု ဘီလူးများသည်လည်း တရားနာရ၍ မဂ်ဖိုလ်တရားထူးများ ရကြပါသည်။ ******************************************************************************** (မေး) (အသုရကာယ် ဟူသည်) အရှင်ဘုရား၊ ပြိတ္တာကို လူအတော်များများ သိနားလည်ကြသော်လည်း အသုရကာယ်ကို သိနားလည်ခြင်း မရှိပါ။ အသုရကာယ်သည် ပြိတ္တာထက် ပို၍ အဆင့်မြင့်-မမြင့်၊ ဒုက္ခ ပိုသက်သာ-မသက်သာ ၊ အမျှဝေလျှင် ရနိုင်-မရနိုင် နှင့် ၄င်းအကြောင်း သိသင့် သိထိုက်သည်များကို မေတ္တာရှေ့ထား၍ ဖြေကြားပေးတော်မူပါဘုရား။ (ဦးမောင်ဦး-မီးရထား ဆေးပေးခန်း၊ တောင်ငူ) (ဖြေ) အမေးရှင်-မေးထားသလို ပြိတ္တာအကြောင်း သိသူတွေ များကြပါသည်။ (ပေတ၀တ္ထုများ ဖတ်ကြည့်ကြပါရန်) အသုရာ၏ အဓိပ္ပါယ်မှာ နတ်များကဲ့သို့ အစိုးရမှု၊ တောက်ပမှု၊ မြူးတူးပျော်ပါးမှုတို့ မရှိသောသတ္တ၀ါဟု စာပေက ဆိုပါသည်။ ဤအဓိပ္ပါယ်မှာ အသုရာအားလုံးကို မခြုံငုံမိဘဲ ဖြစ်နေပါသည်။ ကျမ်းဂန်တို့၌ အသုရာကာယ်သည် နတ်မျိုး၌ ၀င်သော အသုရာ၊ ပြိတ္တာမျိုး၌၀င်သော အသုရာ၊ ငရဲ၌ အကျုံးဝင်သော အသုရာ စသည်ဖြင့် အမျိုးမျိုး ပါဝင်နိုင်သောကြောင့် အသုရကာယ်နှင့် ပတ်သက်၍ နားမလည်ဘဲ ဖြစ်နေကြပါသည်။ (အသုရာ ၅-မျိုး ရှိသည်) ၁။ ဝေပစိတ္တိ အသုရာ (နတ်အသုရာ) မြင်းမိုရ်တောင်အောက်၌နေသော နတ်အသုရာ၊ တာဝတိံသာနတ်တို့လောက် မရဲရင့် မတောက်ပသော (ဓဇဂ္ဂသုတ်၊ အသုရာ သံယုတ်တို့၌လာသော) သိကြားမင်းနှင့် စစ်ခင်းသည့် ဝေပစိတ္တိ၊ ပဟာရာဒ အစရှိသော အသုရာ နတ်မင်းကြီးတို့ ဖြစ်သည်။ ၄င်းအသုရာ နတ်မင်းကြီးတို့သည် တာဝတိံသာ နတ်တို့နှင့် ဆန့်ကျင်ဘက်ဖြစ်ပြီး ဝေပစိတ္တိ နတ်အသုရာဟု ခေါ်ကြ၏။ တာဝတိံသာနတ်တို့၌ အကျုံးဝင်သော နတ်အသုရာ ဖြစ်သည်။ ၂။ ၀ိနိပါတိက အသုရာ (နတ်သေး၊ နတ်မွှား အသုရာ) သဂါထာဝဂ္ဂ၊ ယက္ခသံယုတ်၌လာသော ဘုမ္မစိုးနတ်ကြီးများကို မှိခိုကပ်ရပ်နေရပြီး တန်ခိုးဣဒ္ဓိပါဒ် နုံ့နဲ့လှသော နတ်ကလေးများကို အထက်နတ်တို့အောက် ယုတ်ညံ့သေးသိမ်ကုန်သောကြောင့် ၀ိနိပါတိကအသုရာဟု ခေါ်ကြ၏။ စတုမာဟာရာဇ်နတ်မျိုး၌ အကြုံးဝင်သောနတ်အသုရာတို့ ဖြစ်၏။ ၃။ ဝေမာနိက အသုရာ ရံခါ နတ်ကဲ့သို့ စည်းစိမ်ခံစားရပြီး ရံခါ ပြိတ္တာကဲ့သို့ ငရဲကဲ့သို့ ဒုက္ခခံစားရသော အသုရာများ ဖြစ်သည်။ ဤဝေမာနိက အသုရာမျိုးမှာ အလွန်တရာ ကျယ်ပြန့်ပါသည်။ ငရဲပြည်က ယမမင်းကြီးများ၊ ပြိတ္တာမျိုးတို့တွင် တန်ခိုးကြီးသော ပြိတ္တာဘုရင်၊ ပြိတ္တာမင်းကြီးများ၊ ငရဲမင်းကြီးများ၊ ငရဲထိန်းများ၊ မိတ္တ၀ိန္ဒကဇာတ်၌ လာသော ပင်လယ်ပြင်၌ ဗိမာန်အမျိုးမျိုးနှင့် ချမ်းသာတလှည့်၊ ဆင်းရဲတလှည့် စံနေရ၊ ခံနေရသော နတ်ပြိတ္တာတို့သည် ဗိမာန်အမျိုးမျိုးနှင့် နေကြသောကြောင့် ဝေမာနိက ပြိတ္တာ အသုရာဟု ခေါ်ကြ၏။ ဝေမာနိက အသုရာတို့သည် စတုမဟာရာဇ်နတ်မျိုး၌ အကြုံးဝင်၏။ (အချို့မှာ တိဟိတ်၊ အချို့မှာ ဒွိဟိတ်၊ အချို့မှာ အဟိတ် ပုဂ္ဂိုလ်ဟု အမျိုးမျိုး ရှိနိုင်၏။) ၄။ လောကန္တရိတ် အသုရာ (ငရဲ အသုရာ) စကြ၀ဠာ ၃-ခု အဆုံးသတ်နေရာသည် စက်ဝိုင်း ၃-ခုဆုံရာ အကြားအရပ်ကဲ့သို့ ရှိ၏။ အပူရှိန် အလင်းရှောင် မရှိတော့၍ အမှောင်ဆုံး အအေးဆုံး နေရာဖြစ်သည်။ ထိုနေရာကို (လောက+အန္တရ=စကြာဝဠာလောက ၃-ခုတို့၏ အကြားအရပ်) လောကန္တရိတ်ငရဲဟုခေါ်သည်။ ၄င်းနေရာ၌ ဖြစ်ကြကုန်သော သတ္တ၀ါတို့သည် လင်းနို့များကဲ့သို့ စကြာဝဠာနံရံတခုမှ တခုသို့ ပျံသန်း တွယ်ကပ်၍ နေကြကုန်၏။ အစာစားစရာမရှိ၊ တကောင်နှင့် တကောင် အစာအမှတ်ဖြင့် ကိုက်ကြကုန်၏။ ထိုအခါ အလွန်အေးစက်လှသော ရေထဲသို့ ပြုတ်ကျပြီး ဆားခဲရည်ထဲကျသကဲ့သို့ အေးလွန်းသဖြင့် ထိုသတ္တ၀ါများ စိစိညက်ညက် ကြေမွ၍ သေကြရကုန်၏။ ကံမကုန်သမျှ ထပ်ကာထပ်ကာဖြစ်၍ ခံကြရကုန်၏။ ငရဲ၌ အကြုံးဝင်သော အသုရာမျိုးဖြစ်သည်ဟု ဗုဒ္ဓ၀င် အဋ္ဌကထာ၌ လာရှိသည်။ ၅။ ပြိတ္တာ အသုရာ ခန္ဓ၀ိဘင်း အဋ္ဌကထာ၌ ပြိတ္တာအသုရာအဖြစ် ကာလကဉ္စိက အသုရာမျိုးကို ဖော်ပြပါသည်။ ၄င်းပြိတ္တာတို့သည် အလွန်မွတ်သိပ်ဆာလောင်ကြသည်။ တချို့အသုရာတို့သည် ဘုရား နှစ်ဆူ သုံးဆူ ပွင့်သော်လည်း တကြိမ်မျှ မစားမသောက်ကြရကြောင်း သိရသည်။ ကာလကဉ္စိက အသုရာတယောက်သည် ညဥ့်အခါ ရေငတ်သဖြင့် ဂင်္ဂါမြစ်တွင်းသို့ ဆင်းရာ မြစ်ရေများ ခန်းခြောက်ပြီး မီးခိုးများသာ ထလာသောဟူ၏။ တညလုံး ပြေးလွှား၍ ရေရှာသော်လည်း မရရှိဘဲ နံနက်မိုးလင်းသောအခါ ဆွမ်းခံကြွလာသော ရဟန်းသုံးကျိပ်တို့မြင်၍ အကျိုးအကြောင်း မေးမြန်းသိရှိရသော အခါ သဲသောင်ပြင်မှာ ပက်လက်နေစေပြီး ရဟန်းသုံးကျိပ်တို့ သပိတ်ကိုယ်စီဖြင့် ရေခပ်၍ ပါးစပ်ထဲ လောင်းထည့်သော်လည်း လည်ချောင်းတွင်းသို့ ရေ တစက်မျှ မ၀င်ဟု သိရသည်။ အပါယ် ၄-ဘုံ၌ ပါဝင်သော အသုရကာယ်ဟူသည်မှာ ယခု နံပါတ် ၅-အမျိုးအစား ပြိတ္တာအသုရာများနှင့် နံပါတ် ၃-အမျိုးအစား ဝေမာနိက အဟိတ်အသုရာများကို ယူသင့်ပါသည်။ ဒုက္ခပိုကြီး-မကြီးကိုတော့ ဦးမောင်ဦး စဉ်စားနိုင်လောက်ပြီဟု ယူဆပါသည်။ အမျှဝေလို့ သိနိုင်၊ ကြားနိုင်မည်ဆိုလျှင် သာဓုခေါ်၍ ဒုက္ခမှ ကျွတ်လွတ်နိုင်ပါသည်။ (ပရမတ္တသံခိပ် ဋီကာနှင့် သင်္ဂြိုဟ်ဘာသာဋီကာ တို့ကို မှီးပါသည်)။ ........................... http://www.mawluu.com/2010/03/blog-post_3525.html ကူးယူဖော်ပြသည်..။

Sunday, January 11, 2015

ဝဋ် နှင့် အဖြေ

★ တစ်ခါတုန်းက အရှင်သမိတိဂုတ္တဆိုတဲ့ မထေရ်တစ်ပါး ရှိခဲ့ဖူးပါတယ်။ ဒါပေမယ့် မထေရ်က ကျန်းမာရေး မကောင်းပါဘူး၊ အရှင်သမိတိဂုတ္တရဲ့ရောဂါက ရိုးရိုးရောဂါ မဟုတ်ဘဲ အနူရောဂါဖြစ်နေတာပါ။ ရောဂါက တဖြည်းဖြည်း ရင့်လာပြီး အသားတချို့တောင် အောက်ကိုပဲ့ကျလာပါတယ်။ ကူးစက်တတ်တဲ့ရောဂါဖြစ်နေလို့ ကျန်တဲ့ရဟန်းတွေ ရောဂါမကူးစက်အောင် ခပ်လှမ်းလှမ်း ဇရပ်တစ်ခုမှာ သွားနေရပါတယ်။ အခုလို အနူရောဂါဖြစ်ရတာ မျိုးရိုးကြောင့်မဟုတ်ဘဲ အတိတ်အကုသိုလ် ဝဋ်ကြွေးနှစ်ခုကြောင့် ဖြစ်ရတာပါ။ ဘဝတစ်ခုမှာ ဆွမ်းခံကြွလာတဲ့ ပစ္စေကဗုဒ္ဓါအရှင်မြတ်တစ်ပါးကြည့်ပြီး ''ဒီကတုံးဟာ အနူရောဂါသည်ဖြစ်ပုံ ရတယ်၊ ဒါကြောင့် တကိုယ်လုံး အဝတ်တွေဖုံးထားတာ''လို့ ကဲ့ရဲ့ပုတ်ခတ်ပြောဆိုလိုက်ပါတယ်။ ★ အဲဒီဝစီကံအကုသိုလ် ကြောင့်ပဲ သေလွန်တဲ့အခါ ငရဲကို ကျရပါတယ်။ ငရဲက ပြန်လွတ်လာတော့ ကံအားလျော်စွာ လူ့ဘဝကို ပြန်ရပါတယ်။ လူ့ဘဝပြန်ရောက်လာတော့ ပရိဗိုဇ်တွေ ဆီမှာ ပရိဗိုဇ်ရဟန်းပြုပါတယ်။ တစ်နေ့တော့ အဲဒီပရိဗိုဇ်ဟာ အကျင့်သီလနဲ့ပြည့်စုံနေတဲ့ ကဿ ပဘုရားရှင်ရဲ့ဥပါသကာတစ်ယောက်ကို ''မင်းက အနူပဲ''လို့ ထပ်ဆဲပြန်ပါတယ်။ ဒါတင်မကပါဘူး၊ လူတွေ ရေချိုးဆိပ်မှာထားတဲ့ ဆပ်ပြာမှုန့် ရေချိုးကသဲမှုန့်တွေကိုလည်း ဖျက်ဆီးခဲ့ပြန်ပါတယ်။ အဲဒီအကုသိုလ်ကံကြောင့်ပဲ ပရိဗိုဇ်ဟာ ငရဲကို နောက်တစ်ခါ ကျရောက်ရပြန်ပါတယ်။ ငရဲက လွတ်လာတဲ့အခါမှာတော့ သာဝတ္ထိပြည် ပုဏ္ဏားတစ်ယောက်ရဲ့သားဖြစ်လာပြီး သမိတိဂုတ္တရယ်လို့ အမည် တွင်ခဲ့ပါတယ်။ သမိတိဂုတ္တသတို့သားအရွယ်ရောက်လာတော့ မြတ်စွာဘုရား တရားနာကြားပြီး ရဟန်းပြုလိုက်ပါတယ်။ အရှင်သမိတိဂုတ္တဟာ ရဟန်းဘဝမှာ သီလနဲ့ ကိုယ့်ကိုယ်ကို ဖြူစင်သန့်ရှင်းအောင်နေပါတယ်။ ဒါပေမယ့်လည်း အတိတ်ဘဝ တွေက ဝစီအကုသိုလ်ကံတွေကြောင့် ခန္ဓာကိုယ်မှာ နူနာရောဂါစွဲကပ်လာရပြန်ပါတယ်။ ★ တစ်နေ့မှာတော့ အရှင်သာရိပုတ္တရာမထေရ်မြတ်က လူနာမေးဖို့ ကျောင်းစဉ်လှည့်လည်လာတဲ့အခါမှာ နူနာရောဂါ ဝေဒနာ ခံစားနေရတဲ့ အရှင်သမိတိဂုတ္တကို တွေ့သွားပါတယ်။ ဒီတော့ အရှင်သာရိပုတ္တရာက အရှင်သမိတိဂုတ္တကို ''ငါ့ရှင် ခန္ဓာရှိနေသမျှ ခန္ဓာနှင့်စပ်တဲ့ဒုက္ခဝေဒနာတော့ ရှိနေမှာပဲ၊ ခန္ဓာလုံးဝမရှိမှသာ ဒုက္ခလည်း ချုပ်ငြိမ်းသွားလိမ့်မယ်၊ ဒါကြောင့် ဖြစ်ပေါ်နေတဲ့ ဒုက္ခဝေဒနာကို ဝိပဿသ နာရှုပါ''လို့ မိန့်မှာဟောကြားပါတယ်။ အရှင်သမိတိဂုတ္တလည်း အရှင်သာရိပုတ္တရာ ဟောကြားတဲ့အတိုင်း ဖြစ်ပေါ်နေတဲ့ဒုက္ခဝေဒနာကိုပဲ ဝိပဿ နာရှုမှတ် ပွားများ အားထုတ်လိုက်တာ အဘိဥာဉ်ခြောက်ပါးနှင့်တကွ အရဟတ္တဖိုလ်ကို ရသွားပါတော့တယ်။ (အရှင်သမိတိဂုတ္တထေရဝတ္ထု၊ ထေရာအဋ္ဌကထာပထမတွဲ စာမျက်နှာ ၂၂၁) အကုသိုလ်ဝဋ်ကြွေးတွေကတော့ အမျိုးမျိုးပါပဲ။ ဒီဘဝပြုခဲ့တဲ့ အကုသိုလ်ဝဋ်ကြွေးတင်မကပါဘူး၊ ကိုယ်မသိနိုင်တဲ့ သံသရာအဆက်ဆက်က အကုသိုလ်ဝဋ်ကြွေးတွေကောပါ။ ဖြစ်ပြီးပြီဆိုတော့ ဘာမှလည်း မတတ်နိုင်တော့ပါဘူး။အကုသိုလ်ဖြေဆေးကိုပဲ ရှာရတော့မှာပါ။ ရှေးဆရာတော်ဘုရားကြီးတွေက သြဝါဒပေးလေ့ရှိပါတယ် ''ဝဋ်ကိုဝတ်နဲ့ဖြေ''တဲ့။ အဓိပ္ပါယ်ကတော့ အကုသိုလ် ဝဋ်ကြွေးကို ကုသိုလ်ဝတ်နဲ့ဖြေလို့ ဆိုလိုတာပါ။ အကုသိုလ်ဝဋ်ဆိုတဲ့နေရာမှာ ဒီဘဝပြုခဲ့တဲ့အကုသိုလ်လည်း ဖြစ်ချင်ဖြစ်မယ်၊ မသိနိုင်တော့တဲ့ သံသရာ အဆက်ဆက်က ပြုခဲ့တဲ့အကုသိုလ်လည်း ဖြစ်ချင်ဖြစ်ပါမယ်။ ★ အကုသိုလ်ကိုတော့ ဆရာတော်အရှင်ဇနကာဘိဝံသက ဂရုကံနဲ့ လဟုကံဆိုပြီး ခွဲပေးထားပါတယ်။ ဂရုကံဆိုတာ- အမေသတ်တဲ့ကံ၊ အဖေသတ်တဲ့ကံစတဲ့ ပဉ္စာနန္တရိယကံကြီးပါ။ အကျိုးမပေးရရင် မနေနိုင်လောက်အောင် ကြီးမားတဲ့ ဂရုကံကြီးတွေကတော့ လူတိုင်းမှာ မရှိပါဘူးတဲ့။ အခွင့် သာရင် အကျိုးပေးမယ်ဆိုတဲ့ အကုသိုလ်ကံကတော့ လူတိုင်းမှာ ရှိနေပါတယ်။ ဆရာတော်က မကြောက်ဖို့နဲ့ ကုသိုလ် များများ ပြုဖြစ်ဖို့ တိုက်တွန်းထားပါတယ်။ ကုသိုလ်ရဲ့နောက်မှာ ဝတ်ဆိုတဲ့ စကားလုံးလေးပါနေတော့ တစ်ခါတလေ ပြုတဲ့ကုသိုလ်မဟုတ်တော့ပါဘူး။ နေ့စဉ်ဝတ်တစ်ခုလို ထားပြုတဲ့ကုသိုလ်ပါ။ ကံအနေနဲ့ပြောရင်တော့ အာစိဏ္ဏကံကုသိုလ်ပါ။ ★ ကုသိုလ်ဝတ်ဆိုတဲ့နေရာမှာလည်း တစ်ယောက်နဲ့တစ်ယောက် သပ္ပာယသင့်ပုံခြင်းတော့ တူမှာမဟုတ်ပါဘူး။ တချို့က ဒါနပြုရတာ ဝါသနာပါတယ်။ တချို့က သီလဆောက်တည်ရတာ ဝါသနာပါတယ်။ တချို့က သမထ ဝိပဿနာ ပွားရတာ ဝါသနာပါတယ်။ တချို့က ပရဟိတလုပ်ရတာ ဝါသနာပါတယ်။ တချို့က သစ်ပင်စိုက်ရတာ ဝါသနာပါတယ်။ တချို့က ရွတ်တာဖတ်တာ ဝါသနာပါတယ်။ ရွတ်တာဖတ်တာတောင် တစ်ယောက်နဲ့တစ်ယောက် အားသန်ပုံခြင်း မတူပါဘူး၊ တချို့က မေတ္တာသုတ်၊ တချို့က ပဋ္ဌာန်း၊ တချို့က ဂုဏ်တော်၊ သမ္ဗုဒ္ဓေ၊ ဒိဝါတပတိ၊ အဋ္ဌာနမေတံ စသည်ဖြင့် ကိုယ်သန်ရာကိုယ်သန်ရာ ရှိနေမှာပါ။ အစမှာတော့ လွယ်တာက စရမှာပါပဲ၊ ပြီးမှ တဖြည်းဖြည်းခြင်း မြှင့်သွားရမှာပါ။ အကုသိုလ်ဝဋ်ကို ကုသိုလ်ဝတ်နဲ့ဖြေပုံတွေကို မြတ်စွာဘုရားက ဟိုနေရာ ဒီနေရာတွေမှာ ဟောပြထားပါတယ်။ အဲဒီအထဲကမှ လောဏကပလ္လသုတ်ကို အကိုးအနေနဲ့ ရေးပြရအောင်ပါ။ ★ လောဏကပလ္လဆိုတာ ဆားထည့်ထားတဲ့ခွက်၊ ဆားခွက်လို့ အဓိပ္ပါယ်ရပါတယ်။ အဂုင်္တ္တိုရ် တိကနိပါတ်မှာ ပါပါတယ်။ သုတ်ရဲ့လိုရင်း အနှစ်ချုပ်လောက်ကိုသာ ပြောပြရအောင်ပါ။ လူနှစ်ယောက် ရှိပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ယူဆပုံခြင်းမတူသလို အကျိုးပေးပုံခြင်းလည်း မတူပါဘူး။ ပထမလူက ဘယ်လိုယူဆသလဲဆိုတော့ အကုသိုလ်ကိုပြုတယ်။ အကုသိုလ်ကိုပြုပြီး ''မိမိပြုလုပ်ခဲ့သမျှ အကုသိုလ်ကံကို မည်သည့်နည်းနှင့်မျှ ရှောင်လွှဲလို့မရ၊ လုပ်ခဲ့သမျှ အကုသိုလ်ကံရဲ့အကျိုးကို အကုန်အစင် ဧကန်မုချ ခံစားရတော့မယ်''လို့ ပြောဆိုပါတယ်။ အဲဒီပြောဆိုတဲ့သူဟာ ကုသိုလ်အကုသိုလ်ကို ကုန်စေနိုင်တဲ့ မြတ်သောအရိယာမဂ်ကို ကျင့်သုံးရာမရောက်တော့ သလို နည်းမှန်လမ်းမှန်နဲ့ ဝဋ်ဒုက္ခရဲ့အဆုံးကို ပြုဖို့အခွင့်အလမ်းလည်း မရှိတော့ပါဘူးတဲ့။ ဒါက တစ်ယောက်ပါ။ ★ နောက်- ဒုတိယလူကျတော့ အကုသိုလ်ကံကို ပြုတယ်၊ အကုသိုလ်ပြုပြီး '' အကုသိုလ်ကံကို ပြုခဲ့သော်လည်း အကျိုးပေးချိန်ဖြစ်သော မျက်မှောက်ဘဝ၊ ဒုတိယဘဝ၊ တတိယဘဝစသော ဆိုင်ရာဆိုင်ရာ ဘဝတို့၌ အကုသိုလ်ကံ အကျိုးပေးခွင့်ရမှသာလျှင် အကျိုးခံစားရမယ်။ အကျိုးပေးခွင့်မရရင် အဲဒီအကုသိုလ်ကံတွေ အချည်းနှီး အဟောသိကံ ဖြစ်သွားတော့သည်သာ''လို့ ယူဆပါတယ်။အဲဒီလိုယူဆပြီးကျင့်ရင် ကုသိုလ် အကုသိုလ်ကံကို ကုန်စေနိုင်တဲ့ မြတ်သောအရိယာမဂ်ကို ကျင့်သုံးရာ ရောက်သလို နည်းမှန်လမ်းမှန်နဲ့ ဝဋ်ဒုက္ခရဲ့အဆုံးကိုပြုဖို့ အခွင့်အလမ်းလည်း ရသွားပါတော့တယ်တဲ့။ ဒါက တစ်ယောက်ပါ။လူနှစ်ယောက် ယူဆပုံခြင်း မတူကြပါဘူး။ အယူအဆမတူတဲ့အတွက် အကျိုးပေးလည်း ကွဲသွားပါတယ်။ မြတ်စွာဘုရားက ဆက်ဟောပြထားပါတယ်။ ပထမတစ်ယောက် အကုသိုလ်ပြုတယ်၊ ပြုပြီး ငရဲကျသွားရပါတယ်။ ဒုတိယတစ်ယောက်က အကုသိုလ်ပြုတယ်၊ ဒါပေမယ့် အကုသိုလ်ကံရဲ့အကျိုးကို အနည်းငယ်မျှတောင်မှ မခံစား ရဘူးတဲ့။ ဒါတွေကတော့ ဘုရားဟောပါဠိတော်အတိုင်း မူရင်းအရသာပျက်သွားမှာစိုးလို့ မြန်မာပြန်သဘောမျိုး ပြောပြ တာပါ။ ★ လိုရင်းပြောရရင်တော့ လူနှစ်ယောက် အကုသိုလ်လုပ်တာချင်းအတူတူ တစ်ယောက်ကအကုသိုလ်ရဲ့အပြစ်ကို ခံစားရတယ်၊ တစ်ယောက်က မခံစားရပါဘူး။ အကုသိုလ်လုပ်တာချင်းအတူတူ ဘာဖြစ်လို့ ကွဲသွားရတာလည်ဆိုတော့ ယူဆပုံခြင်း မတူလို့ပါဘဲ။ မြတ်စွာဘုရား ဟောပြထားတဲ့အဖြေက ဒီလိုပါ.. ပထမလူတစ်ယောက်ဟာ အကုသိုလ်ပြုတယ်၊ အကုသိုလ်ပြုပြီး ဘာဝိတကာယ၊ ဘာဝိတသီလ၊ ဘာဝိတစိတ္တ၊ ဘာဝိတပညာမရှိဘူး။ အဲဒီလူဟာ အပါယ်ငရဲကျသွားရပါတယ်။ ဒုတိယလူတစ်ယောက်ကျတော့ အကုသိုလ်ပြုပြီး ဘာဝိတကာယ၊ ဘာဝိတသီလ၊ ဘာဝိတစိတ္တ၊ ဘာဝိတပညာ ရှိပါတယ်။ အဲဒီဒုတိယလူဟာ အကုသိုလ်ရဲ့အကျိုးကို အနည်းငယ်တောင် မခံစားရပါဘူးတဲ့။ ပါဠိတွေရဲ့အရကောက်လေးတွေကို ကောက်ပြလိုက်ရင် ရှင်းသွားပါလိမ့်မယ်။ ဘာဝိတကာယဆိုတာ - မျက်စိ, နား, နှာ, လျှာ, ကိုယ်, စိတ်,ကို အကုသိုလ်မဖြစ်အောင် စောင့်ထိန်းတာပါ။ ဘာဝိတသီလဆိုတာက - ငါးပါးသီလ၊ ရှစ်ပါးသီလ၊ ကိုးပါးသီလ စသည်တွေပါ။ ဘာဝိတစိတ္တဆိုတာက- သမာဓိဖြစ်စေတဲ့ နှစ်သက်ရာရာ သမထ ဘာဝနာကို ပွားများတာပါ။ ★ ဘာဝိတပညာဆိုတာက- ဝိပဿ နာဘာဝနာကို ပွားများအားထုတ်တာပါ။ မြန်မာလိုပြောရင်တော့ မျက်စိ, နား, နှာ, လျှာ, ကိုယ်, စိတ်ကို အကုသိုလ်မဖြစ်အောင် စောင့်ထိန်းတာရယ်၊ သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးပါးကို ဖြည့်ကျင့်တာရယ်ပါ။ မျက်စိ, နား, နှာ, လျှာ, ကိုယ်, စိတ်ကို အကုသိုလ်မဖြစ်အောင် စောင့်ထိန်းတာလည်း ဘဝအတွက် အရေးကြီး တာပါပဲ။ တချို့အကုသိုလ်တွေဟာ မြင်လို့ ကြားလို့ သိလို့ဖြစ်ရတာပါ။ မမြင်ရင်၊ မကြားရင် မသိရင် မဖြစ်ပါဘူး။ ဒါကြောင့် ကိုယ့်ကိုယ်ကို စိတ်မချရင် မမြင်အောင်၊ မကြားအောင်၊ မသိအောင် နေလိုက်ရင်လည်း တော်ရုံတန်ရုံ အကုသိုလ် မဖြစ်တော့ပါဘူး။ ဖြစ်လိုက်ရတဲ့အကုသိုလ်တချို့ကို သေချာစဉ်းစားကြည့်လိုက်ရင် မြင်လို့၊ ကြားလို့၊ သိလို့ဖြစ်ရတာပါ။ မမြင်ခဲ့၊ မကြားခဲ့၊ မသိခဲ့ရင် ဖြစ်စရာအကြောင်းကို မရှိပါဘူး။ ဒီသဘောလေးတွေကို အာရုံပြုပြီး သတိထားပြီး ကြိုရှောင် ထားရင်လည်း အကုသိုလ်ကို ကာကွယ်ပြီးသား ဖြစ်နေတတ်ပါတယ်။ လူနှစ်ယောက် အကုသိုလ်လုပ်တာချင်းအတူတူ တစ်ယောက်က အပြစ်ခံစားရပြီး၊ တစ်ယောက်က အပြစ် မခံစားရပုံ အကြောင်းလေးတွေပါ။ ဒါကို မြတ်စွာဘုရားက ဥပမာလေးတွေနဲ့ ဆက်ဟောပြထားပါတယ်။ ဆားခွက်ထဲက ဆားတစ်ဆုပ်ကိုယူပြီး သောက်ရေခွက်ထဲကိုထည့်လိုက်ရင် အငန်ဓာတ်တွေ များသွားတဲ့အတွက် အဲဒီရေဟာ သောက်လို့မရပါဘူး။ စောစောက လက်တစ်ဆုပ်စာဆားကိုပဲ သောက်ရေကန်ထဲထည့်လိုက်မယ်ဆိုရင်တော့ အငန်ဓာတ်တွေ ပျံ့သွားတဲ့အတွက် ရေက သောက်လို့ ရပါတယ်။ ဆားကနည်းပြီး ရေက များနေလို့ပါ။ ★ မြတ်စွာဘုရားက အကုသိုလ်အကျိုးပေးခွင့်နဲ့ပတ်သက်ပြီး ဆားနဲ့ရေကို ဥပမာပေးပြီးတော့ ပြထားပါတယ်။ ဆားများဆားနိုင် ရေများရေနိုင်သဘောပါ။ ဆားဆိုတဲ့အကုသိုလ်ကများပြီး ရေဆိုတဲ့ကုသိုလ်ကနည်းနေရင် အကုသိုလ်ကအကျိုးပေးခွင့် သာသွားမှာပါ။ ရေဆိုတဲ့ကုသိုလ်ကများပြီး ဆားဆိုတဲ့အကုသိုလ်ကနည်းနေရင်တော့ အကုသိုလ် အကျိုးပေးခွင့်မသာတော့ပါဘူး။ ဒါကြောင့် ရေများများသောက်ဖို့ လိုပါတယ်။ ဆရာဝန်တွေ မကြာခဏ ပြောတတ်တဲ့စကားရှိပါတယ်။ ကျန်းမာဖို့ ရေများများသောက်၊ လမ်းများများ လျှောက် ပါတဲ့။ ဒီအတိုင်းပါပဲ လူတိုင်းလူတိုင်း ရေများများသောက်ဖို့ လိုပါတယ်။ ဝဋ်ကိုဝတ်နဲ့ဖြေဆိုတဲ့နေရာမှာ လောဏကပလ္လသုတ်အရဆိုရင်တော့ မျက်စိ, နား, နှာ, လျှာ, ကိုယ်, စိတ်ကို အကုသိုလ်မဖြစ်အောင် စောင့်ထိန်းတာရယ်၊ သိက္ခာသုံးပါးကို ဖြည့်ကျင့်တာရယ်ပါ။ သိပ်လည်း ခက်တဲ့အရာတွေတော့ မဟုတ်ပါဘူး။ ★ သီလဆိုတဲ့နေရာမှာလည်း လူတစ်ယောက်အနေနဲ့ ငါးပါးသီလဆို တော်တော်လေး လုံလောက်နေပါပြီ၊ တစ်ခါ တလေ စွမ်းနိုင်တဲ့အခါမှာ ရှစ်ပါးသီလ၊ ကိုးပါးသီလတွေ စောင့်ထိန်းလို့ရပါတယ်။ သမာဓိအတွက်ကတော့ နှစ်သက်ရာ သမထကမ္မဋ္ဌာန်းတစ်ခုခု၊ ဒါမှမဟုတ် နှစ်ခုသုံးခုကို ပွားရုံပါပဲ။ ဝိပဿ နာကတော့ ကိုယ်အားထုတ်နေကျ ဝိပဿ နာရှုနည်းအတိုင်း အားထုတ်ရုံပါပဲ။ အကုသိုလ်ရဲ့ဖြေဆေးဟာ ကုသိုလ်ပါ။ ကုသိုလ်တွေ များများပြုနေဖို့ပါ။ အထူးသဖြင့် မြတ်စွာဘုရား ဟောကြား ပေးထားတဲ့အတိုင်း ဘာဝိတကာယ၊ ဘာဝိတသီလ၊ ဘာဝိတစိတ္တ၊ ဘာဝိတပညာတွေကို ဖြည့်ကျင့်ရမှာပါ။ ပါဠိ(၄)လုံး ကလည်း ချစ်စရာလေးတွေပါ။ မြတ်စွာဘုရားကို ပူဇော်တဲ့အနေနဲ့ ကျက်ထားလိုက်ဖို့ပါပဲ။ ★ မြတ်စွာဘုရားဟောကြားထားတဲ့ ပထမလူ၊ ဒုတိယလူနှစ်ယောက်မှာ၊ ကိုယ်က ပထမလူ မဖြစ်ဖို့ သိပ်အရေးကြီး ပါတယ်။ အကုသိုလ်ပြုတာချင်းအတူတူ ဒုတိယလူဖြစ်အောင် ကျိုးစားရပါမယ်။ အကုသိုလ်ကံတွေကတော့ ဒီဘဝမရှိဦးတော့ သံသရာအဆက်ဆက် ကျင်လည်ခဲ့ရတာဆိုတော့ ပုံစံမျိုးစုံနဲ့တော့ ပါလာမှာပါ။ ဘယ်လိုပုံစံနဲ့ ပါလာတယ်ဆိုတာလည်း မသိရပါဘူး။ ဘာပဲပြောပြောလေ ဒီဘဝပြုခဲ့တဲ့ အကုသိုလ်ကံပဲဖြစ်ဖြစ်၊ သံသရာအဆက်ဆက်ပြုခဲ့တဲ့ အကုသိုလ်ကံပဲဖြစ်ဖြစ်၊ အကုသိုလ်ဝဋ်ကို ကုသိုလ်ဝတ်နဲ့ဖြေလိုက်ဖို့ပါပဲလေ။ ရဝေနွယ်(အင်းမ) ကျမ်းကိုး လောဏကပလ္လသုတ်၊ တိကနိပါတ်၊ အဂုင်္တ္ထိုရ်ပါဠိတော်။ News Watch ဂျာနယ် ၁၆-၁၂-၂ဝ၁၄